3
Sep

NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၇)

ထားပါအုံးဗျာ။ ဘုန်းကြီးကျောင်းတွေအကြောင်း ပြောချင်သေးတာ။ ဒီမဂ္ဂင်ကျောင်းက ကိုယ်တော်တွေကတော့ ထောင်ထွက်တွေဆိုတော့ ဘာကိစ္စဖြစ်ဖြစ် ပေါ်တင်ချလို့ ရတယ်။ ဒါပေမယ့်နောက်  တစ်ကျောင်း ရှိသေးတယ်။ အဲ့ဒါကဝေဘာဂီဆေးရုံရှေ့က ရေလည်ဘုန်းကြီးကျောင်း။ အဲ့ဒီကျောင်းနဲ့ ပတ်သက်ရတာက အောင်လံဖက်က လူနာတစ်ယောက်ဆုံးကော၊ အဲ့ဒါနဲ့ ရေစက်ချမယ်၊ သပိတ်သွတ်မယ်ဆိုတော့ အဲ့ဒီ ကျောင်းက ကိုယ်တော်တွေပင့်တယ်။ ဒ်ီတော့မှဒီကျောင်းက ဦးဇင်းတစ်ပါးကသူတို့နဲ့ အမျိုးတော်တယ်ဆိုတာ သိတယ်။ သူတို့ကလည်းကူညီချင်တယ်။ ဒါပေမယ့် ကျောင်းက တဲကျောင်းလေးတွေ။ ဖြစ် သလိုနေနိုင်ရင်နေပါတဲ့။

ဒီမှာတင် ရေနံချောင်းက အဖွဲ့ချုပ်လူငယ်တစ်ယောက် ဝေဘာဂီတက်ရတယ်။ လူနာစောင့်ကတော့ကျနော်ပေါ့။ ကိုဝေလွင်လည်း ပါတယ်။ ရံဖန်ရံခါ ကိုသန်းထိုက်အောင်လည်း လာစောင့်တယ်။ ကျနော်တို့က ညဖက်ဆေးရုံစောင့်ပေး၊ နေ့ခင်းထမင်းစား၊ ရေချိုးကတော့ ဒီဘုန်းကြီးကျောင်းမှာ သွားစား သွားချိုးပေါ့။ ဒီတော့ဆရာတော်နဲ့ ရင်းနှီးလာတယ်။ ဟိုပြော ဒီပြော ဟိုတိုင်ပင် ဒီတိုင်ပင် လုပ်ရတယ်။ လူနာတစ်ချို့ ကိုလည်း အဲ့ဒီမှာ ထားလို့ရစ ပြုလာပြီ။ ကျနော်က မနက်ပိုင်းဆို အဲ့ဒီမှာထမင်းစားသွားတယ်။ ရေချိုးတယ၊် ညနေပိုင်းဆိုရင် သစ္စာပန်းလမ်းထဲက သဇင်နီဆိုတဲ့ စားသောက်ဆိုင် ထမင်းသွားစားတယ်။ ဒီလမ်းက နာမည်နဲ့ လိုက်တယ်။ သစ္စာဆိုတာ မြဲမြံခြင်းတရား၊ မဖောက်မပြန်သော တရား၊ မလွဲမသွေတရားလို့ အဓိပ္ဗါယ်ပေါက်တယ် မှတ်တယ်။ ဒီလမ်းနာမည်နဲ့ လိုက်ဆို လူသေတွေ သဂြိုင်္င်္ဟ်ရင် အဲ့ဒီလမ်းက သွားရ တယ်လေ။

ဆေးရုံစောင့်ရင်းနဲ့ ရီစရာတစ်ခုကြုံသေးတယ်။ ကျနော်ညစောင့်ဆိုတော့ ကော်ရစ်ဒါဖက်မှာ ထွက်စောင့်တယ်။ ပက်လက်ကုလားထိုင်လေးနဲ့။ ညပေါင်းများလာတော့ အိပ်ရေးပျက်လှသဗျာ။ တစ်ည သားအိပ်နေတော့ ၀ုန်းဆိုတဲ့ အသံကြားတယ်။ ကျနော်လည်း အိပ်မှုံစုံမွှားနဲ့ ထစူးစမ်းရတယ်။ အခန်းထဲမှာ လူနာတွေမရှိတော့ဘူး။ အောက်ကမြက်ခင်းပြင်ပေါ်မှာ အကုန်နီးပါးရောက်နေတယ်။ အဖြစ်ပျက်က ဒီလိုဗျ။ အောက်စီဂျင်ဘူး ပေါက်တာ။ လူနာတွေ ၀ုန်းဆို အသံလည်းကြားကော … ဆင်းပြေးလိုက်ကြတာ။ အောက်ရောက်နေတဲ့ လူနာတွေအတော်များများက အိပ်ရာထဲမှာ ပက်လက်ကလေးနဲ့ လမ်းလျှောက် ရင်တောင် အတွဲနဲ့ လျှောက်ရတာ။ခုတော့ကြောက်လန့် တကြားသေမလိုဘေးဖြစ်တော့ ကိုယ့်ဖာသာ ထပြေးလိုက်ကြတာ။ ပြန်တက် … ဆိုတော့ မတက်နိုင်တော့ဘူး။ ကျနော်လည်း တစ်ယောက်ပြီးတစ်ယောက် တွဲတင်ရတယ်။ ကျနော်စဉ်းစားတယ်။ တကယ်လို့များ သေစရာရှိ ကျနော်သေသွားမယ်။ လူနာတွေကတော့ ဘေးလွတ်သွားနိုင်တယ်။ ရီစရာဆိုပေမယ့် တွေးစရာလေးတွေလည်း ပါတာပေါ့လေ။ သေခြင်းဟာ အနီးလေးမှာပဲ ရှိတယ်။ ရောဂါရှိတာမရှိတာ တစ်ပိုင်းပေါ့။

ကျနော်ဆေးရုံစောင့်နေရင်း တစ်ခုမြင်လာတယ်။ လူနာတွေ လူနာစောင့်မရှိရင် အတော်ဒုက္ခရောက်တယ်။ ကျနော်တို့ လူနာအိမ်မှာ အလကားနေ အားနေတဲ့ လူနာတွေကို ဆေးရုံစောင့်ထားပါလား … တဲ့။ တချို့ လူနာတွေကို မိသားစုက ပစ်ထားတာ။ တစ်ချို့လူနာတွေ ကျတော့ မိသားစုက ဂရိတ်တွေ။ ရှက်လို့ မလာကြတာ ငွေပေးရုံပေးဆိုပေးနိုင်တယ်။ ဒီတော့မဖြူကို တိုင်ပင်တယ်။ အမဘယ်လိုလုပ်ကြမလဲ … ပေါ့။ ဘုန်းကြီးကလည်း အားသန်တယ်။ ဘုန်းကြီးက နေစရာပေးမယ်။ ထမင်းကျွေးထားမယ်။ လူနာအသုံးစရိတ်အတွက် ဒကာမကြီးက ကျခံတဲ့။ ငါးရာတစ်ထောင်တော့ ပေးဖြစ်ပါတယ်။ ဒီလူနာတွေကံကောင်းသွားတယ်။

နောက်တော့ ဖီးနစ်အဖွဲ့က ဒီလူနာတွေကို လခပေးမယ်။ သူတို့အဖွဲ့ထဲဝင်ပါ … ဆိုတော့ မဖြူက အကျေလည်ဆွေးနွေးကြည့်တယ်။ အဆင်ပြေတယ်ဆိုတော့လုပ်ကြပေါ့။ အခုထက်ထိ အဲ့ဒီလူနာတွေ ကျနော်တို့နဲ့  အဆက်ရှိတယ်။ သူတို့တွေ အိမ်တွေတစ်ယောက်တစ်လုံး ငှားနေကြတယ်။ ဟမ်းဖုန်းတွေ ဘာတွေနဲ့ ဖြစ်နေပြီခု။ အလုပ်လည်းရ ဟမ်းဖုန်းလည်းရ ယောက်ကျား မိန်းမလည်းကိုယ်စီရနဲ့။

စိတ်ညစ်စရာရှိတယ် ဆိုပေမယ့် သူတို့ရောက်လာစက စားစရာကိုမရှိရာကနေ၊ ကိုယ့်လူနာတွေ ခုလိုမြင်တွေ့ကြားသိနေရတာ ၀မ်းသာတယ်။ နောက်လည်း ဒီဘုန်းကြီးကျောင်းကို အာဏာပိုင်တွေ တောက်လျှောက် ဖိအားပေးတော့တာပဲ။ ဒီတင်ဘုန်းကြီးလည်း မတတ်သာတော့ဘူး။ လူနာတွေ နှင်ပေးရတော့တာပါပဲ။ အယင်က တဲကျောင်းလေးကနေ မဖြူဆက်ပေးလို့ အလှု့ရှင်တွေရတယ်။ သုံးထပ်ကျောင်းဆောင်တွေ ဘာတွေဖြစ်လို့ အခုဆို။ ထားဗျာ။ ကိုမင်းကိုနိုင်တို့နဲ့ ရင်းနှီးလာကောဗျာ။ ကိုယ်အကျဉ်းကြပ်ထဲမှာ ကိုယ့်ကို အားပေးထားတဲ့လူတွေဆိုတော့ အတော်လေးလည်း ခင်တွယ်တာပေါ့လေ။

သူတို့အဖွဲ့ထဲက ကိုဇော်ဇော်အောင် (အခုအင်္ဂလန်)က လူမှုရေးဝါသနာပါတယ်။ ကျနော်တို့နဲ့ ဆေးရုံဆေးခန်းလိုက်တာပဲ။ အဲ့ဒါကနေသူတို့နဲ့ ဆက်လာမိတယ်။ မီဒီယာနဲ့ ဆက်လာမိတယ်။ ပြောစရာရှိပြောကြတယ်။ မဖြူလည်း အတော်လေး နာမည်ထွက်လာနေပြီ။

သူ့အိမ်အကြောင်း ပြောကြအုံးစို့ရဲ့။ တောင်ဒဂုံနှစ်ဆယ်အိမ်က ထပ်မငှားတော့ဘူး။ လူနာတွေနေစရာပူရပြန်ပြီ။ တောင်တွင်းကြီးက လူနာအမျိုးသမီးတစ်ယောက် ရောက်လာပြန်ရော။ သူ့အခြေနေက အေအာဗွီ (ARV) သောက်ရတော့မယ့် အခြေနေဖြစ်နေပြီ။ ရေလည် ဘုန်းကြီးကျောင်းမှာတော့ တည်းလို့ ရတယ်။ ဒါပေမယ့်ဒီဘုန်းကြီးကျောင်းက သူတို့ သဇင်ဧရိယာထဲ မပါဘူး။ အဲ့ဒါနဲ့ သာကေတဖက် သက်သက် သာသာ အိမ်ကလေး လိုက်ငှားတယ်။ အဆင်မပြေဘူး။ သူသေရတော့မယ် … ငိုကြီးချက်မပေါ့။

ဒီမှာတင် … အခုနာမည်ကြီးနေတဲ့ ဆယ့်ရှစ်အိမ်လို့ ခေါ်တဲ့မဖြူဖြူသင်းတို့အဖေပိုင်တဲ့ အိမ်ကလေးတစ်လုံးရှိတယ်။ သူတို့က အလကားနေအလကားဆိုပြီး အိမ်ငှားထားတာ။ တိုက်ဆိုင်တယ်။ အဲ့ဒီတောင်တွင်းသူမ ကံကောင်းတယ်။ မဖြူတို့ မိသားစုက “ကဲ … နင်တို့လည်း အိမ်ငှားတာ ဒီလောက်ဒုက္ခများလှတာ၊ အဲဒီအိမ် သုံးလတန်သည် ခြောက်လတန်သည် နေပေါ့ …” တဲ့။ ဒီအမျိုးသမီးက အဲ့ဒီအိမ်မှာ ပထမဆုံးနေတာ။ သူ့နာမည်တော့ မပြောတော့ဘူး။ သူ့ညီမလေးနာမည်က မမြို့။ ကျနော်ကမမျိုးထင်လို့ မေးကြည့်တာမဟုတ်ဘူး။ မြို့လာရင်းမြို့ပေါ်မွေးလို့ မမြို့။ ဒီလိုဆိုလည်း ဟုတ်သားလား။

တစ်နေ့ ကျနော်တို့ရုံးမှာထိုင်နေတုန်း မဖြူဟမ်းဖုန်း ၀င်လာတယ်။ မမြို့ဆီကဖုန်း၊ “လုပ်ပါအုံး၊ သူ့အမရူးသွား …” လို့ ဆိုတော့။ မဖြူရယ် ကျနော်ရယ် ကိုသန်းထိုက်အောင်၊ ကိုအေးနိုင်တို့ ပြေးကြရော။ ကိုသန်းထိုက်အောင်၊ ကိုအေးနိုင်က ဗလတောင့်လို့ ထိန်းချုပ်စရာရှိ ချုပ်ရအောင်လို့ ခေါ်တာ။ ဟိုရောက်တော့ ဒီလူနာအမျိုးသမီးက ကိုယ်လုံးတီးကြီး။ မမြို့က အိမ်ပတ်ပြေးနေတယ်။ သူကနောက်ကလိုက်ပြီးတော့ ကျည်ပွေ့နဲ့ လိုက်ထုနေတာ။ မထိဘူး။ မဖြူကိုကျတော့ မှတ်မိတယ်။ ကျန်တဲ့လူကို မသိဘူး။ ပြောလို့လည်း လက်မခံဘူး။ လက်မခံသလိုလက်သန်လည်း ပြောင်တယ်။ ကိုအေးနိုင်ကို ရေသန့်ဘူးနဲ့ ထုတာ ဟိုလူ အတော်နာသွားတယ်။ ကျနော်တို့ သုံးယောက်ကတော့ ဘယ်လိုချော့ချော့မရ၊ ချောက်ချောက်မရ ဆိုတော့ … စိတ်တိုနေပြီ။ “ကြိုးတုပ်ခဲ့ဗျာ၊ မဖြူဘာမှလုပ်မနေနဲ့ ” … ဆိုတော့ မဖြူက “မဟုတ်ပါဘူး၊ သူက တောက်လျောက် စိတ်ဖိစီးနေတာကော၊ ဆေးအရှိန်ကော၊ အစာမ၀င်တာကောဆိုတော့ သူ့ခမျာ ကြောင်နေရှာတာပါ …” ဆိုပြီး ချော့မော့ အသီးတွေ ကျွေးနေတာ။

ကျနော်တို့ သုံးယောက်လည်း  ဓားတို့ သနပ်ခါးတုံးတို့ လူအန္တရာယ် ပြုနိုင်မယ့်ဟာတွေဖွက်ပြီး မဖြူပြန်ရအောင်ဆိုတော့ … မမြို့မျက်နှာက ဆီးရွက်လောက်ပဲရှိတော့တယ်။ ကျမနေခဲ့ပါ့မယ်။ ပြန်ကြတော့ ဆိုတော့ ကျနော်တို့ သုံးယောက် ပြန်လာတယ်။ နောက်နေ့ ကိစ္စတစ်ခုရှိတော့ ကျနော်မဖြူတို့အိမ် သွားတယ်။ သွားတော့ “ညက ပြန်မလာဘူး၊ ဆယ့်ရှစ်မှာ အိပ်တယ် … ” တဲ့။ ဟာ…ပြသနာပဲ။ ဟိုအမျိုးသမီးက ဂေါက်နေ တာ၊ သူ့တစ်ခုခုလုပ် ဘယ်လိုလုပ်မလဲ။ မဖြူစိတ်ထားကို ကျနော်လေးစားသွားတယ်။ သူမို့လို့ပေါ့၊ တော်ရုံတန်ရုံမိန်းမဆို ဘယ်နေမလဲ … ဗျ။ အရူးမ ဖက်အိပ်ရတာ တယ်မလွယ်ဘူး ထင်တာပဲလေ။

ကျနော်တို့ လိုက်သွားတော့ ဟိုမိန်းမ ညက ဘာမှမဖြစ်သလိုပဲ ။ လာထိုင်ကြ အကိုတို့၊ ပဲကြမ်းသုပ်လိုက်ရမလား … ဘာလား … ပေါ့။ ကောင်းသွားရင် အိုကေ၊ သွားကြမယ်ဆိုတော့ သူက လိုက်တောင်ပို့ရှာပါတယ်။ အဲ့ဒီကစပြီး ဟိုလိုလိုဒီလိုလိုနဲ့ ကျနော်တို့ အဲ့ဒီက မဆင်းတော့ပဲ ကုတ်ကပ်နေတော့တာပဲ။ လူနာတွေလည်း တစ်ယောက်ပြီးတစ်ယောက် အဲ့ဒီပေါ်တင်တော့တာပဲ။

ဆေးရုံဆေးခန်း၊ သွေးစစ်ဌာနဆိုတာတွေ ပတ်ခြာလည်နေရင်း ကမာရွတ်ကအဖွဲ့ချုပ်ဝင်တစ်ယောက် ဒီရောဂါဖြစ်ပြန်ရော။ သဇင်ပြပေးတယ်ဗျာ။ အလားဂျစ်တွေခနခနဖြစ်တယ် ဒီလူက။ နောက်ဆုံးရက်တွေ ဆေးရုံ တင်လိုက်ရတယ်။ ကျနော်လည်း မဖြူနောက်က ဖတ်သီဖတ်သီဆိုသလို နေ့တိုင်း ဆေးရုံရောက်ရပြန်တယ်။

ဒီမှာထူးခြားချက်တစ်ခု မြင်လာတယ်၊ ကြားလာရတယ်။ ဟိုလူကလည်း လူပျိုကြီးပဲ၊ မဖြူကလည်း အပျိုကြီးပဲ။ မဖြူဒီလူ့ကို သေချာပြုစုပေးတယ်။ ကမာရွတ် ဥက္ကဌ ဦးတင်ဝင်းကတောင် တားယူရတယ်။ နင် ဟိုကောင့်ကို ကိုင်လိုက်၊ နှာခေါင်းပွတ်လိုက် လုပ်နေတာ … မယားဘူးလား၊ ရောဂါဖြစ်နေအုံးမယ်ဆိုပြီး တားရတယ်။ ဒီလူ့ကို သူ့အကိုက ညစောင့်ပေးတယ်။ တစ်ရက်မဖြူက တခြားလူနာတစ်ယောက်ဆီ သွားအားပေးနေတုန်း သူ့အကိုက မေးတယ်။ “ညီလေး ဘာစားချင်လဲ၊ ဘာတွေ ခံတွင်းတောင်းလဲ …” ပေါ့။ သူ့ညီ အစာမ၀င်တာကြာပြီကိုး။ ဒီတော့ ဟိုအဖွဲ့ဝင်လူနာက ပြန်မေးတယ်၊ “တကယ်ကျွေးမှာလား … ” တဲ့။ ကျွေးပါ့မယ်ပေါ့ .. ကျနော်တောင်ဝင်ပြောမိသေး။ ဒါဆိုလည်း “ရဟန္တာသား မီးဖုတ်ပေး …” တဲ့။

ကြားသားမိုးကြိုး။ သတိလက်လွတ်နေပြီလေ။ ဒီတော့မဖြူက ရောက်လာပြီး ရေပတ်တိုက် ဘာညာလုပ်ပေးတော့ ကျနော် ခပ်လှမ်းလှမ်းကို ထွက်လာတယ်။ လာတော့ … အခြားလူနာစောင့်တွေက ဘာပြောသလဲ ဆိုတော့ … “ရောဂါဖြစ်တာချင်းတူတူ၊ ဒီလူကံကောင်းတာပေါ့။ သူ့ရည်းစားက တော်တော်လေး အပင်ပန်းခံပြီး၊ နေ့တိုင်းလာပြုစုပေးရှာတယ် …” ဆိုတော့ ကျနော်နဲ့ဦးတင်ဝင်းလည်း ကြိတ်ရီပေါ့။ ခုထိ ဦးတင်ဝင်း မဖြူကိုနောက်ရင် အဲ့ဒီအဖြစ်ပျက်ကိုပြောပြီး နောက်တုန်း။ ဒီမှာမဖြူရဲ့စိတ်စေတနာနဲ့ ထူးခြားချက်ကို ကျနော်မြင်လာတာ။ ဒါအဖွဲ့ချုပ်ဝင်တစ်ယောက်မို့ လုပ်ပေးတာမဟုတ်ဘူး။ ဘာမှမသက်ဆိုင်တဲ့လူလည်း အကူညီလာတောင်း လုပ်ပေးလိုက်တာပါပဲ။

သဇင်ဆေးခန်းလေးအကြောင်း ရှင်းပြချင်သေးတယ်။ သူတို့က အတော်စနစ်ကျတယ်။ ပထမဆုံးရောဂါနဲ့ ပတ်သက်တာတွေ ပြောပြတယ်။ ဒုတိယအနေနဲ့ သွေးစစ်ပေးတယ်။ သွေးအဖြေရရင် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း ဆိုတာလုပ်တယ်။ နောက်ဆရာဝန်ဆီ ပို့တယ်။ သူတို့ လိုအပ်တဲ့ စစ်ဆေးမှု လုပ်ပြီးလို့ အေအာတီ သောက်ရမယ်၊ တိုက်ဖို့ လိုတယ်ဆိုရင်  သူတို့ သတ်မှတ်ဧရိယာ နေနိုင်မနေနိုင် မေးတယ်။ မေး လို့နေမယ်ဆို လိပ်စာပေး၊ လိပ်စာတောင်းတာက သူတို့ အဲ့ဒီအိမ် တကယ်နေမနေရယ်၊ ဆေးသောက်ပုံမှန်မမှန်၊ စစ်ဆေးချင်လို့ပါ။ ဆေးသောက်တော့မယ်ဆိုရင် တစ်ခါ ဆေးအကြောင်း ဆွေးနွေးတယ်၊ ဒီဆေး တန်ဖိုးကို သိလာအောင်လုပ်တဲ့သဘော။ ဟုတ်တယ်၊ ဒီဆေးက တန်ကြေးကြီးသလို နှစ်ကြိမ်ထက် ပျက်ကွက်မိသွားရင် ဆေးယဉ်ပါးမှုဒဏ်ခံရတယ်။ ဒါဆို ဒုတိယအဆင့် ဆေးသောက်ရတယ်။ ဒီဆေးတွေဆို သိန်းချီတန်တယ်။ ဒီတော့ အဆင့်ဆင့်ဆိုတော့ ကြာတာပေါ့ဗျာ။

ကျနော်တို့ကတော့ အမြန်ဆုံးဖြစ်စေ့ချင်တယ်။ နားလည်မှုလည်း လွဲကြတာပေါ့။ ကျနော်တို့နေစရာကတော့ ဒီတစ်ခါဘယ်လိုနည်းနဲ့မှ မပူပင်ရတော့ဘူး။ မဖြူမိသားစုကိုယ်ပိုင်အိမ်ကို ရထားတာကိုး။ ဒီမိသားစု ကျေးဇူးတော်တော်လေးကြီးတယ်ဗျ။ ထားပါတော့ နောက်အလျဉ်းသင့်တော့ ထပ်ပြောတာပေါ့။

ကျနော်တို့က အဖွဲ့ချုပ်ကဆိုတော့ နိုင်ငံရေးလည်း ပါနေတာကိုး။ ဒီတော့အန်ဂျီအိုတွေ လန့်တယ်၊ မဆက်ဆံချင်ဘူး။ မလွှဲသာ ဆက်ဆံရေးမျိုးပဲ ရှိတယ်။ ပွင့်ပွင့်လင်းလင်း မဟုတ်ဘူး။ ဒီလိုစည်းခြားနေလို့လည်း ကျနော်တို့ အိပ်ခ်ျအိုင်ဗွီဌာန စည်းကမ်းချက်ရေးဆိုပြီးတော့ မဖြူနဲ့ ဦးလှမင်းက တာဝန်ပေးလို့ အချက်ကိုးချက်ပါ စည်းကမ်းချက်ကို ကျနော်သရက်တောကျောင်းမှာရေးတယ်။

ကိုမြင့်ငွေ အချောကူးတယ်။ ခုထက်ထိလည်း ရှိပါသေးတယ်။ ကိုသန်းနိုင်ကတော့ တင်းကြပ်လွန်းတယ်  မြင်တယ်။ မတတ်နိုင်ဘူး။ သူတို့က ရံဖန်ရံခါမှ ရန်ကုန်လာပြီး အခြားအဖွဲ့စည်းတွေနဲ့ ဆက်ဆံရတာ။ ကျနော်တို့က အမြဲလို ဆက်ဆံနေရတာ ဆိုတော့။ ဒါပေမယ့် ကျနော်တို့ မစဉ်းစားမိတာက ကျနော်တို့ ကိုယ်တိုင်ကိုက အန်ဂျီအိုတွေကြားမှာ အဖွဲ့ချုပ်အမှတ်အသားလို ဖြစ်နေတာလေ။ ကျနော်တို့ ဖက်ကတော့ ဒီလိုမဟုတ်ဘူး၊ လုပ်နိုင်တာလုပ်တယ်၊ ပြောနိုင်သမျှ အကုန်ပြောတယ်။ ကျနော်တို့ လှုပ်ရှားမှုလုပ်ရင် အဖွဲ့ချုပ်ဝင်တွေတင်မကဘူး၊ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားအဖွဲ့ကလည်း လာတယ်ပါဝင်တယ်။ သူတို့လုပ်ရင်လည်း ကျနော်တို့တော့ ပါသင့်တယ် ထင်တယ်လေ။

သူတို့ ကမ်ပိန်းတွေ လုပ်တယ်။ ကျနော်တို့ ပါတယ်။ အဖြူရောင်ကမ်ပိန်း လက်မှတ်ထိုးလုပ်ဆောင်မှုဆိုတာတွေ တနင်္ဂနွေလှုပ်ရှားမှုတွေမှာ ကျနော်တို့ ပါတယ်။ ကျနော့်တစ်ဦးချင်း ပြောပါဆိုရင်၊ ဒီရှစ်ဆယ့်ရှစ် မျိုးဆက် နာမည်ခံလုပ်ဆောင်နေတဲ့ လူတွေဟာ ကျနော်ခပ်ငယ်ငယ်ကပဲ ကြားဖူးတယ်သိတယ်။ သူတို့ လုပ်နေတာတွေမှာ ကျနော်တော့ အပြည့်အ၀ပူးပေါင်းတယ်။ မဖြူတို့ကတော့ လူနာခပ်များများလာရင် အိမ်ကကို မထွက်နိုင်တော့ဘူး။ ရုံးချုပ်တောင် တစ်ခါတစ်လေ ရောက်ချင်မှ ရောက်တယ်။

ကိုမင်းကိုနိုင်တို့ ပြန်လွတ်လာတော့ အလုပ်တွေလုပ်ကြတယ်။ ကျနော်တို့လူငယ်ပဲပါတာပေါ့။ အဖွဲ့ချုပ်ကလှုပ်ရှားမှုလည်းကျနော်တို့ပါတယ်။ ကျနော်တို့ သဘောက အလုပ်လုပ်နေရင် ဘာညာမရွေးပါတယ်။ ကိုမင်းကိုနိုင်တို့ အုပ်စုဆိုတာလည်း မဖောက်မပြန်၊ ထောင်ထဲ ဒီလောက်တောင် ရပ်တည်လာတာ။ ခေါင်းဆောင်တွေလိုပဲ သဘောထားပါတယ်။ အဖွဲ့ချုပ်အကြောင်းမပြောဘူး။ သူတို့ကိုသူတို့ အကြောင်းလည်း အဖွဲ့ချုပ်မှာပြန်မပြောဘူး။ သူတို့ လှုပ်ရှားမှုလုပ်တယ်ပါတယ်။ ကျနော်တို့ အဖွဲ့ချုပ်က လုပ်ရင်ကျနော်တို့ သွားပါတာပါပဲ။ အရေးကြီးတာ နိုင်ငံရေးဟာ လှုပ်ရှားနေမှလို့လည်း မှတ်ယူပါတယ်။ မှန်မမှန် ဆိုတာတော့ နောက်လူတွေ ပြောကြပါလိမ့်မယ်။

မဖြူကော ကျနော်တို့ကော အတိုင်ခံရတယ်။ သိပါတယ်။ ဘာမှပြန်မပြောပါဘူး။ လူကြီးတစ်ချို့ ငြိုငြင်တယ်။ ကျနော့်ဆို ကိုမြအေးနဲ့ တွဲလွန်းလို့ ရာဇာမြအေးတောင် ခေါ်တယ်။ ဒါလည်းသိတယ်။ ဘယ်သူက ဘယ်ခြေလှမ်းလှမ်းရင် ဘာလုပ်ချင်သလဲ … ဆိုတာလောက်တော့ ရိပ်မိတာပေါ့။ ကျနော် လူပေါင်းစုံနဲ့ ပေါင်းနေတဲ့ကောင်၊ လူနာပေါင်းမြောက်များစွာနဲ့ စကားပြောဆက်ဆံနေတာ။ သိတယ်။ ဘာမှမဖြစ်ဘူး၊ လုပ်စရာရှိတာလုပ်တယ်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို၊ ကိုဌေးကြွယ်တို့ ပြန်ဖမ်းခံရတယ်။ ကျနော်တို့ ၀ိုင်းကြတယ်။ ကိုယ့်တုန်းက ၀ိုင်းလို့ မဟုတ်ဘူး။ ဒါလုပ်ကို လုပ်ရမယ့်ကိစ္စ။ ကိုကိုကြီးရဲ့ရန်ကင်းအခန်းမှာ လုပ်ကြပြု ကြပေါ့။ ကျနော်တို့ကသာ အလုပ်မဲ လုပ်နေကြတာ၊ ကွယ်ရာမှာ အတင်းချ၊ တိုင်တောဆိုတဲ့ ကောင်စားတွေကလည်း သပ်သပ်ရှိသေးတယ်။ ဒီပဲ့တင်ထပ်တာတွေ ကျနော်နောက်ပိုင်း အလူးအလဲ ခံရတယ်။ လှုပ်ရှားမှု အတော်များများ လုပ်ဖြစ်ခဲ့တယ်ဆိုပါတော့။ အသေးစိတ်တွေကတော့ ထားလိုက်ပါတော့ဗျာ။ ကျနော့်ထက် တာဝန်ရှိသူ ကျနော့်ထက် အသေးစိတ်ပြောနိုင်တဲ့လူတွေ ပြောကြပါလိမ့်မယ်။

(ဆက်လက်ဖော်ပြပါမည်။)

(မိုးမခမှတ်ချက်၊ အင်န်အယ်ဒီပါတီ၏ လူမှုထောက်ကူအဖွဲ့ခွဲ တခုဖြစ်သော HIV/AIDS ဝေဒနာရှင်များနှင့် မိသားစုများ စောင့်ရှောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ အဖွဲ့ချုပ်ပါတီဝင်တဦးဖြစ်သော ကိုရာဇာက သူ့အတွေ့ အကြုံများ ရေးသားထားသည်ကို ဝေမျှပေးမည်ဟု ဆိုသဖြင့် အများပရိသတ်သိရှိစေဖို့ မိုးမခက ရယူဖော်ပြခြင်းဖြစ်သည်။ သူဆက်ရေးနိုင်သမျှ ဖော်ပြပေးမည် ဖြစ်သည်။

နောက်တိုးသတင်း၊ ဒေါ်ဖြူဖြူသင်း၊ ကိုရာဇာနှင့် မောင်ကိုကိုတို့ စုပေါင်းရေးသားသည့် “အများခန္တာနဲ့ နာဖျားနေတဲ့ကိစ္စ” အမည်နဲ့ အဆိုပါ ဆောင်းပါးပေါင်းချုပ်စာအုပ် ရန်ကုန်မှာ ပုံနှိပ်ထုတ်ဝေမည် ဖြစ်သည်။ သြဂုတ် ၂၈ မှာ စတင်ဖြန့်ချိမည်ဟု သတင်းကြားသည်)

ရာဇာ (စက်တင်ဘာ ၂၊ ၂၀၁၂)

မိုးမခ - NLD ၏ HIV/AIDS ဆိုင်ရာလုပ်ငန်းများ ဆယ်နှစ်တာနဲ့ အမှတ်တရများ (၇)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top