21
Jun

(Nov-2009) ပို့ကြည့်ပါ



ကမ္ဘာနဲ့
အဝန်း ရင်ဆိုင် တွေ့ကြုံနေရတဲ့ HIV/AIDS နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပူးပေါင်း
ဆောင်ရွက်နိုင်ကြဖို့ World AIDS Day အဖြစ် ဒီဇင်ဘာလ ၁ ရက်နေ့ကို သတ်မှတ်
ထားပါတယ်။ ဖူးငုံ သတင်းသမားများ အနေနဲ့ World AIDS Day နေ့မှာ ပါဝင်ပူးပေါင်း
ဆောင်ရွက်နိုင်ဖို့ သတင်းများ ပေးပို့ နိုင်ရန်နဲ့ သတင်း ရေးသားရာမှာ လိုက်နာရမယ့်
အချက်အလက်များ၊ ကျင့်ဝတ်များ၊ အခွင့်အရေးနဲ့ တာဝန် ရှိမှုများကို ဖော်ပြခဲ့ပေးပြီး
ဖြစ်ပါတယ်။ အထူး သတိပြုရမှာက HIV/AIDS နဲ့ နေထိုင်သူများဟာ သူတို့ရဲ့ကိုယ်ရေး
ကိုယ်တာကိစ္စများကို ဖွင့်ဟပြောလိုတဲ့ဆန္ဒ မရှိကြဘူး ဆိုတာပါပဲ။ အဲဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့
နည်းလမ်းကတော့ ဝေဒနာသည်က မိမိကိုယုံကြည် နိုင်လောက်တဲ့ စိတ်နေစိတ်ထား ရှိတဲ့
သတင်းထောက် တစ်ယောက်အဖြစ် မြင်စေဖို့ပဲ ဖြစ်ပါတယ်။ သတင်းသမား အနေနဲ့ HIV/AIDS ဝေဒနာရှင်များရဲ့
သတင်းများကို ရေးသားရာမှာ ရိုးသားမှု ရှိပြီး လူ့ဂုဏ်သိက္ခာကို လေးစား ကာကွယ်တဲ့
သတင်းသမား ဖြစ်ဖို့ လိုပါတယ်။

ဒါကြောင့်မို့
အဲဒီသတင်းမျိုးကို ရေးသားတော့မယ် ဆိုရင် အောက်မှာဖော်ပြထားတဲ့ အချက်အလက်များကို
အထူးသတိပြုဖို့ လိုပါတယ်။ ဒီအချက်အလက် တွေကို HIV/AIDS မဲခေါင်မြစ်ဝှမ်း ဒေသအစီအစဉ်က
ထုတ်ဝေတဲ့ Media Guide for Reporting HIV/AIDS စာအုပ်က ရယူ ဖော်ပြထားတာ ဖြစ်ပါတယ်။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်
နေထိုင်သူများ၏ အကြောင်း သင် သတင်း ရေးသားတော့မည် ဆိုပါက အောက်ပါ အချက်များကို
သင်၏ စိတ်ထဲတွင် အမြဲ မှတ်သားထားဖို့ လိုသည်။

၁။
အိတ်ခ်ျအိုင်ဗွီနှင့် နေသည် ဆိုသည်မှာ ထိုသူ၏ ပုဂ္ဂိုလ်ရေး ကိစ္စသာ ဖြစ်သည်။
သင့်အနေဖြင့် မဖြစ်မနေ သေချာပေါက် လုပ်ရမည့် ကိစ္စမှာ သင် သတင်း မရေးခင်ကတည်းက
ထိုသူတို့က နားလည်စွာဖြင့် သဘောတူညီ ပြီးမှသာ သူတို့အကြောင်း ရေးသား ထုတ်ဝေရန်။

၂။
သတင်းတွင် သုံးစွဲမည့် ဓာတ်ပုံများကိုလည်း အလားတူ ကာယကံ ရှင်များက ကြိုတင်
သဘောတူပြီးမှသာ ထည့်ရန်။

၃။
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့် နေထိုင် နေသူများကို တွေ့ဆုံ မေးမြန်းမှု
မပြုခင် ကတည်းက သင်သည် သတင်းထောက် တစ်ယောက် ဖြစ်ကြောင်း သူတို့အား အသိပေး
ပြောပြရမည်။ သင့်နာမည်၊ သင့်အဖွဲ့ အစည်းနှင့် ဘယ်လိုသတင်း ဆောင်းပါးများ
ရေးကြောင်း သင်က သူတို့အား ပြောပြရမည်။

၎။
အဆိုပါ လူပုဂ္ဂိုလ်က ခွင့်ပြု၍ သင်က ရေးသားသော်လည်း သင့် သတင်းကြောင့် အဆိုပါ
လူပုဂ္ဂိုလ်အား ထိခိုက် နစ်နာသွားခြင်း မရှိစေရန် အသေအချာ ဂရုစိုက်ပါ။ ထို့ကြောင့်
အသေးစိတ် မေးခွန်းများ မေးမြန်းဖို့ လိုသည်။

၅။
သေချာအောင် လုပ်ရမည့် နောက်တစ်ချက်မှာ အကယ်၍ အဆိုပါ ပုဂ္ဂိုလ်က သူ့ဆန္ဒအရ သဘောတူသည်
ဆိုသော်လည်း ထိုသဘော တူညီချက် ဆိုသည်ကို ကာယကံရှင်က အမှန်တကယ် သဘောပေါက်ခြင်း ရှိ၊
မရှိ အတိအကျ သိဖို့လိုသည်။ အကယ်၍ သင့်အနေဖြင့် သံသယ ရှိနေသေးပါက လိုအပ်သော
နောက်ထပ် သတင်း အချက်အလက်များကို ရှာဖွေ၍ ကာယကံရှင် အား ထိုသတင်း အချက်အလက်များကို
ပေးရမည်။ အသေးစိတ် ဆောင်ရွက်ပါ။

“ခင်ဗျား
အနေနဲ့ ၁၉၉၇ ကတည်းက အိတ်ခ်ျအိုင်ဗွီ ရှိနေပြီ ဆိုတာကို သိထားခဲ့တယ်။ ဒါပေမယ့်
အခုအထိ ခင်ဗျားဟာ ကျန်းမာပြီး၊ ခင်ဗျားရဲ့ရုံးမှာ ဆက်အလုပ် လုပ်နေတယ်ဆိုတဲ့
အကြောင်းကို ကျွန်တော်တို့ သတင်းရေးပြီး ပုံနှိပ် ထုတ်ဝေမယ် ဆိုရင် ခင်ဗျား အနေနဲ့
ခွင့်ပြု သဘော တူပါသလား” တစ်ချိန် တည်းတွင် သင့်အနေဖြင့် သေချာအောင် လုပ်ရမည့်
အချက်မှာ ကာယကံရှင်သည် သူ၏ သတင်းနှင့် ပတ်သက်၍ သင်ဘာလုပ်မလဲ ဆိုတာ သိနေဖို့
လိုသည်။ သင့်အနေဖြင့် ဘာတစ်ခုကိုမှ ထိန်ချန်၊ ဖုံးကွယ် မထားပါနှင့်။ ထိုသူသည်
ဘာအပြစ်မှ ရှိသူ မဟုတ်။ သင်နှင့် စကား ပြောနေရခြင်းသည် ထိုသူ့အတွက် ဝန်ထုပ် ဝန်ပိုးကြီးသဖွယ်
မဖြစ်သင့်ပေ။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နှင့်
နေထိုင်နေသူ အတော်များများသည် အကယ်၍ သူတို့ ဇာတ်လမ်းများကို ထိန်းသိမ်းထားနိုင်သည်
ဟူသော အခွင့်အရေးကို အပြည့်အစုံ နားမလည်သည့် အတွက်လည်း ဖြစ်သည်။ ထို့အတွက် သူတို့
နာမည်များကို သာမက မေးလာသမျှ မေးခွန်းများကို ဖြေလေ့ရှိကြသည်။ ထို့ကြောင့်
သတင်းသမား အနေဖြင့် ကာယကံရှင်များကို ထိုသတင်း အချက်အလက်များသည် ဘယ်သို့ ရောက်သွား၍
ဘယ်လို ပုံနှိပ် ထုတ်ဝေမည် ဖြစ်ကြောင်း အရင်ဦးဆုံး သေသေချာချာ ရှင်းလင်းပြပြီးမှ
သူတို့၏ ဆန္ဒ သဘော တူညီချက်ကို တောင်းခံပါ။

၆။
ဓာတ်ပုံ၊ ဗီဒီယိုနှင့် ဆောင်းပါးများကို အသုံးပြုသော အခါ ထိုအထဲတွင် ပါဝင်နေသော
သူများသည် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရှိနေသည်ဟု စောင်းပါး ရိပ်ခြည်
ပြောသလိုမျိုး မဖြစ်စေရန် သတိထားပါ။ အချို့ကိစ္စ အတော်များများတွင် အယ်ဒီတာများသည်
သတင်းဇာတ်လမ်း အတွက် အသုံးပြုရန် မသင့်တော်သည့် ဓာတ်ပုံ ဖိုင်များထဲမှ ဓာတ်ပုံတချို့ကို
ရွေးချယ်၍ သုံးတတ်လေ့ ရှိသည်။ အမည် တပ်ထားသော လူမျက်နှာ ဓာတ်ပုံများနှင့်
တည်နေရာများ၏ ဓာတ်ပုံများသည် သတင်းခေါင်းစဉ်နှင့် ဆက်စပ် နေတတ်သော်လည်း သတင်းဇာတ်လမ်း
တစ်ခုလုံးနှင့် ဆက်စပ် ပတ်သက်နေသည်ဟု ဆို၍မရ။ ထိုသို့ မှားယွင်း ရွေးချယ်ခြင်းသည်
နားလည်မှု လွဲမှားစေသလို သတင်း မတိကျမှုကိုလည်း ဖြစ်ပေါ်စေသည်။

၇။
သင်သည် နေထိုင် မကောင်းဖြစ်နေသူ တစ်ဦးနှင့် တွေ့ဆုံ မေးမြန်းခြင်း ပြုနေပါသလား။
သင့်ကျန်းမာရေးကို သင်ကိုယ်တိုင်လည်း ဂရုစိုက်ဖို့ လိုသည်။ အကယ်၍ သင့်အနေဖြင့်
အအေးမိ၊ နှာစေးချောင်းဆိုး ဖြစ်နေခြင်း၊ လောလောလတ်လတ်က ပန်းနာရင်ကျပ်
ဖြစ်ထားခြင်းနှင့် အခြား အဖျားရောဂါ အသေးအမွှား မကြာသေးခင်ကမှ ဖြစ်ထားခြင်း
အစရှိသည်တို့ ဖြစ်နေပါက အခြား သူများကို မကူးစက်ရန်အတွက် လိုအပ်ပါက တွေ့ဆုံ
မေးမြန်းမှု ပြုခြင်းကို ရွှေ့ဆိုင်းထားပါ။

၈။
တွေ့ဆုံမေးမြန်းသည့် အခါ ရိုးရှင်းသည့် စကားလုံးများကို သုံးပါ။ အချက်အလက်များကို
ပြန်လည် စစ်ဆေးပါ။

၉။
ကျား/မ လိင်ကွဲပြားသည့် ကိစ္စကို အထူး သတိထားပါ။ အိတ်ခ်ျအိုင်ဗွီနှင့်
နေထိုင်ခြင်းသည် အမျိုးသား၊ အမျိုးသမီး မရွေး ဖြစ်ပွားသည်ကို သတိရှိပါ။
အိတ်ခ်ျအိုင်ဗွီနှင့် ပတ်သက်၍ ပြောတိုင်း၌ ကျား/မ လိင် ကွဲပြားမှုကြောင့် တစ်ဖက်သတ်
အထင်ခံရသည့် အဖြစ်အပျက်မျိုး ရှိနေတတ်သည်။ သင်ကိုယ်တိုင်ကလည်း ကျား/မ လိင်
ကွဲပြားမှုကြောင့် တစ်ဖက်သတ် အမြင်ရှိသူ မဟုတ်ကြောင်း သင်အလုပ်လုပ်သည့်
အချိန်တိုင်း၌ သေချာပါ စေ။ ဥပမာအားဖြင့် အမျိုးသမီး လိင်လုပ်သားတိုင်း အိတ်ခ်ျအိုင်ဗွီပိုး
ရှိနေသည်။ လိင်တူချင်း ဆက်ဆံသူတိုင်း အိတ်ခ်ျအိုင်ဗွီ ရှိနေသည်။ မူးယစ်ဆေးဝါး
အကြောထဲသို့ ထိုးသွင်းသူတိုင်း အိတ်ခ်ျအိုင်ဗွီ ရှိနေသည်ဟု ထင်မြင်ယူဆခြင်း
စသည်တို့ပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူများ အားလုံးတွင် အိတ်ခ်ျအိုင်ဗွီ
ရှိနေလိမ့်မည် မဟုတ်ပါ။

၁၀။
ကလေးများနှင့် ပတ်သက်၍ သတင်း ရေးသားရာတွင် အထူးသတိထားပါ။ ကလေးများတွင် သူတို့
အခွင့်အရေးနှင့် သီးသန့် လွတ်လပ်စွာ တည်ရှိမှု ရှိနေသည်ကို သတိပြုပါ။ ကလေးများနှင့်
တွေ့ဆုံ မေးမြန်းခြင်း မပြုခင် သူတို့မိဘများ (သို့မဟုတ်) အုပ်ထိန်းသူများ၏ သဘော
တူညီချက်ကို ရယူဖို့လိုကြောင်း သေချာပါစေ။

၁၁။
အကယ်၍ သင့်အနေဖြင့် ကလေး၏ ဓာတ်ပုံကို အကြောင်း တစ်ခုခုအတွက် ပုံနှိပ် ထုတ်ဝေလိုသည်
ဆိုပါစို့။ ဘာကြောင့် ဓာတ်ပုံ ထည့်သွင်း လိုသည်ကို မိမိကိုယ်ကို ပြန်မေးပါ။
ကလေးများ၏ ဓာတ်ပုံကို ပုံနှိပ် ထုတ်ဝေခြင်းသည် ဆယ်ကြိမ်တွင် ကိုးကြိမ်
မပြုလုပ်ရသော ကိစ္စဖြစ်သည်။

၁၂။
ကလေးတို့ ကိုယ်တိုင်ပေးသော သတင်းကို ခွဲခြမ်း စိတ်ဖြာ သုံးသပ်ဖို့ လိုသည်။
အကြောင်း ကြောင်းကြောင့် မှားယွင်းနိုင်သည့် အခြေအနေ ရှိသောကြောင့် ဖြစ်သည်။

၁၃။
သင် မကျေပွန်နိုင်သော ကတိကို မည်သူ့ကိုမှ မပေးပါနှင့်။ သတင်းထောက် တစ်ဦးအနေဖြင့်
အမြဲ မှတ်သားရမည်မှာ အထက်ပါ ကိစ္စများကို ဆောင်ရွက်တော့မည် ဆိုလျှင် လိမ္မာသိုသိပ်၍
နှုတ်လုံဖို့ လိုသည်။ စောင့်စည်းရမည့် ကျင့်ဝတ်များကို လိုက်နာပါ၊ သင်ဆုံးဖြတ်သည့်
ကိစ္စများအတွက် အပြန်ပြန် အလှန်လှန် စဉ်းစားပါ။

သတင်းသမားများ
လိုက်နာရမယ့် လမ်းညွှန်ချက် ဖြစ်ပါတယ်။

HIV/AIDS
အကြောင်းအရာနဲ့ ပတ်သက်လို့ သတင်းရေးမယ် ဆိုရင် ကိုယ်ရေးတဲ့ သတင်းဟာ HIV/AIDS ဝေဒနာရှင်များရဲ့
ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အရေးအသားမျိုး မဖြစ်စေဖို့ အထူးသတိပြု စေချင်ပါတယ်။ ရေးကြည့်ပါ။

ပို့ကြည်ပါ။



အယ်ဒီတာ



Thursday, 12 November 2009 11:40





ရွှေအမြုတေ - (Nov-2009) ပို့ကြည့်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top