17
Aug

(Oct-2009) ပို့ကြည့်ပါ



ဖူးငုံ
ဆယ်ကျော်သက် သတင်းသမားများ အတွက် ဒီလမှာတော့ ကမ္ဘာ့ မီဒီယာ စာမျက်နှာတွေပေါ်မှာ အခါမလပ်
ဖော်ပြနေတဲ့ HIV/AIDS နဲ့ ပတ်သက်ပြီး သတင်းသမားတွေ လိုက်နာရမယ့် အချက်တချို့ ဖော်ပြချင်ပါတယ်။

HIV/AIDS
နဲ့ ပတ်သက်ပြီး မဲခေါင်ဒေသ အစီအစဉ်က စီစဉ်ထုတ်ဝေတဲ့ Media Guide for Reporting HIV
& AIDS စာအုပ်ကနေ ရယူ ဖော်ပြလိုက်ပါတယ်။ သတင်းသမား အနေနဲ့ အောက်မှာ ဖော်ပြမယ့်
အချက်အလက် တွေကို အသေအချာ လိုက်နာရမယ် ဆိုတာကို အထူး သတိချပ် စေချင်ပါတယ်။

အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်)
သတင်းများ ရေးသားရာတွင် လိုက်နာရမည့် သတင်းထောက် ကျင့်ဝတ်များ သတင်းထောက်ကောင်း တစ်ဦးဖြစ်ရန်
လိုအပ်သော လက္ခဏာ အများအပြား ရှိရာတွင် ထားရှိရသော ကျင့်ဝတ်များကို စောင့်စည်း လိုက်နာရခြင်းသည်
အရေးအကြီးဆုံးသော အစိတ်အပိုင်း ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် တာဝန်ယူမှု ရှိသော သတင်းထောက်
တစ်ဦးဖြစ်သလို သတင်း တင်ပြရာတွင် မျှတမှု ရှိစေရန် အတွက် သုတေသန လုပ်ခြင်း၊ မေးမြန်းစုံစမ်းခြင်း၊
ဘက်ပေါင်းစုံနှင့် တွေ့ဆုံ မေးမြန်းခြင်းများကို ဆောင်ရွက်ရမည် ဖြစ်သည်။

နေရာများစွာတွင်
လိုက်နာ စောင့်စည်းရမည့် ကျင့်ဝတ်များ ရှိနေသည်။ အဖြစ်မှန်အတိုင်း သတင်းကို ရေးသားဖို့
လိုသည်။ ဥပမာ အိမ်မြေ အရောင်းအ၀ယ် အကြောင်း ရေးသည်ဖြစ်စေ (သို့မဟုတ်) ကျောင်းဘောလုံး
ပြိုင်ပွဲဖြစ်စေ (သို့မဟုတ်) အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်) အကြောင်း ရေးသည်ဖြစ်စေ။
ကျင့်ဝတ်များကို လိုက်နာခြင်းအားဖြင့် ပြည်သူများ၏ ဘ၀ထဲတွင် သတင်းထောက်များသည် အရေးကြီးသော၊
အကောင်းမြင် အဖြစ် ရှုမြင်နိုင်သော သူများ ဖြစ်လာနိုင်သည်။ အထူးသဖြင့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်)
အကြောင်း သတင်း ပို့ရာတွင် အန္တရာယ် ဖြစ်စေခြင်း၊ အဆိုး မြင်ခြင်း၊ မရိုးသားခြင်း(သို့မဟုတ်)
ဖြစ်သလို ပေါ့ပေါ့ တန်တန် ရေးသားခြင်းသည် အလွန်ဆိုးဝါးသော နောက်ဆက်တွဲ ပြဿနာများကို
ဖြစ်ပေါ် စေနိုင်သည်။ ထို့အတွက် သတင်းကို ရေးသားရာတွင် နှစ်ကြိမ်အထိ အနည်းဆုံး ပြန်စစ်ဆေးရန်
လိုသည်။ အထူးသဖြင့် အိတ်ခ်ျအိုင်ဗွီနှင့် ပတ်သက်၍ သတင်းများကို ရေးသားရာတွင် အချက်
အလက်များ၊ ကိန်းဂဏန်းများနှင့် သိပ္ပံပညာ ဆိုင်ရာ အထောက်အထား များသည် စာဖတ်သူ ပရိသတ်
အတွက် မှန်ကန် တိကျသော သတင်း အချက်အလက်များ၊ ဗဟုသုတများ ဖြစ်နေရမည်။

စောင့်ထိန်းရမည့်
ကျင့်ဝတ်များကို မလိုက်နာခြင်းသည် လူများအတွက် ခွဲခြားခံရခြင်း၊ နာကျင်စွာ ခံစားရခြင်းနှင့်
သွားပုပ်လေလွင့် အပြောခံရခြင်း စသည့် ခံစားမှုများကို ဖြစ်ပေါ် စေသည်။ ထို့ထက်ပို၍ ဆိုရပါက
လူထုအကြားတွင် ရုန့်ရင်း ဆန်ခတ်ပင် ဖြစ်စေနိုင်သည်။ မတော်တဆ ဖြစ်စေ၊ တမင်ဖြစ်စေ မှားယွင်းစွာ
ဦးတည် ရေးထားသည့် သတင်းကြောင့် ထိုသတင်းနှင့် ပတ်သက်သူများသည် အလုပ်ပြုတ်ခြင်း၊ မိသားစုအတွင်း
ပြဿနာ တက်ခြင်းနှင့် ရင်ဆိုင်ရနိုင်သည်။ တစ်ခါတစ်ရံ အသက် ဆုံးရှုံးရသည် အထိ ဖြစ်ပွားခဲ့ရသည်လည်း
ရှိသည်။

အထက်ပါကဲ့သို့
သတင်း ဇာတ်လမ်းမျိုး အတွက် ဥပမာပေးရမည် ဆိုပါက ရောဂါအားလုံးကို ပျောက်ကင်းအောင် ကုသပေးနိုင်သည်
ဟူသော ဘယဆေးများ အကြောင်းပင် ဖြစ်သည်။ အချို့က ထိုဘယဆေးများသည် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်)ကို
ပျောက်ကင်းအောင် ကုသနိုင်သည် (သို့မဟုတ်) ရောဂါ လက္ခဏာများ ပျောက်ကင်းအောင် စွမ်းဆောင်
နိုင်သည်ဟု ဆိုသည်။ ထိုကဲ့သို့သော သတင်း ဇာတ်လမ်းများသည် ဘက်မျှတမှု ကင်းသော သတင်းများဖြစ်
သလို ထိုဘယဆေးများသည် သက်ဆိုင်ရာလူနာ များအတွက် သိပ္ပံနည်း ကျကျ ဓာတ်ခွဲခန်း အတွင်းမှာ
စနစ်တကျ စမ်းသပ် ထုတ်လုပ်သော အသေးစိတ် အထောက်အထား များလည်း မရှိပေ။

လူအများအားဖြင့်
ဘယဆေးများသည် လူကို အန္တရာယ် မပြုနိုင်ဟူသော အတွေး ရှိနေ တတ်သည်။ အဘယ်ကြောင့်ဆိုသော်
ဘယဆေးများသည် သဘာဝအရ ဖော်စပ် ထားသောဆေးများ ဖြစ်သောကြောင့်ဟု အယူရှိ၍ဖြစ်သည်။ ထိုဘယ
ဆေးပင်များသည် အခြားဆေးများနှင့် ပေါင်းစပ်၍ ကာလတစ်ခုအထိ အတိုင်းအတာ တစ်ခုအရ မှီဝဲလာသော
အခါတွင် မှီဝဲသူအား ဘယ်လို အဆိပ်အတောက် (သေဆုံးသည်အထိ) ဖြစ်သည်ကို မသိရှိကြ၍လည်း ဖြစ်သည်။

ကျင့်ဝတ်များကို
လိုက်နာသည့် သတင်းထောက်များ ဖြစ်လာရန် စဉ်းစားသော အခါတွင် အရေးကြီးဆုံးသော စကားလုံးများထဲမှ
တစ်လုံးသည် “မျှတမှု” ဆိုသည့် စကားလုံးဖြစ်သည်။ မျှတသော သတင်းထောက် တစ်ယောက် အနေဖြင့်
သင်သည် သင်၏ နိုင်ငံအတွက် လိုအပ်သော ဗဟုသုတ သိကောင်းစရာများကို ဖြန့်ဝေပေးဖို့ လိုသည်။
ထိခိုက်နစ်နာ လွယ်သော လူထုအတွက် ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များ တိုးတက်လာစေရန်
ဆောင်ရွက်ဖို့ လိုသည်။

 

အေအိုင်ဒီအက်စ်
သတင်းများနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ အခွင့်အရေးနှင့် တာဝန်ရှိမှု

 

၁။
သတင်းသမားများသည် လူ့အသိုက်အ၀န်း အတွင်းရှိ အခြားသော သူများနှင့် နှိုင်းစာပါက အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်)
သတင်းများ ရရှိရန် ပိုမိုကြီးမားသော အခွင့်အလမ်း ရရှိသူများ ဖြစ်သည်။ သင် ရရှိသော ထိုအခွင့်အရေးကို
အသုံးပြုပါ။ သင်သည် သင့် လူ့အဖွဲ့အစည်း အတွက် အပြုသဘော ဆောင်သော အပြောင်းအလဲများကို
ဖန်တီးရန် အခြေအနေတစ်ခုကို ပိုင်ဆိုင်သူဖြစ် သည်။

၂။
သတင်းထောက်များသည် သူတို့လုပ်ငန်းကို လွတ်လပ်စွာ ဆောင်ရွက်သင့်သည်။ မိမိသည် သူတစ်ပါးသြဇာ
မပါဘဲ လွတ်လွတ်လပ်လပ် ဆောင်ရွက်ကြောင်း ထင်ရှားစေရန်အတွက် ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီများ၊
ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ ပညာပေးရေး ဆောင်ရွက်နေသူများနှင့်
ကင်းကင်းရှင်းရှင်း ဖြစ်အောင် နေထိုင် သင့်သည်။

၃။
အချိန်တိုင်းတွင် သတင်းထောက် တစ်ယောက်သည် သတင်းတိကျ မှန်ကန်စေရန် ဆောင်ရွက်သင့်သည်။
ဤအချက်သည် အသက်တမျှ အရေးကြီးသည်။ လူ့အဖွဲ့အစည်းအတွင်းနှင့် သိပ္ပံ ပညာတို့၏ အဆင့်ဆင့်
တိုးတက်ပြောင်းလဲ နေမှုကို လူထုအား အမြဲ သတင်းပေးနေရမည်။ သို့သော် ရရှိလာသော အချက်အလက်များကို
ထပ်မံ စစ်ဆေးပါ။ စာအရေးအသားကိုလည်း စစ်ဆေးဖို့ လိုသည်။ သက်သေ အထောက်အထား ပြရန် လိုအပ်ပါက
ထို့အတွက် မေးမြန်း စုံစမ်းပါ။ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်(စ်) သတင်း နယ်ပယ်တွင်
မှားယွင်းသော သတင်းများ၊ လမ်းလွဲချော် နေသည့် သတင်းများဖြင့် ပြည့်နှက် နေနိုင်သောကြောင့်
ဖြစ်သည်။

၎။
သတ်မှတ်ထားသော အကြောင်းအရာ အခြေ အနေများကို အခြေပြု၍ ကိန်းဂဏန်း ဇယားများကို ပါးနပ်စွာ
အသုံးပြုပါ။ သင်ကိုယ်တိုင်လည်း ထိုအချက်အလက် အကြောင်းအရာများကို နားလည်ဖို့ လိုသည်။
ကိန်းဂဏန်း ဇယားများ၏ သဘော သဘာဝကို သင်ကိုယ်တိုင် အမှန်တကယ် နားလည်ကြောင်း သေချာပါစေ။
ကိန်းဂဏန်း ဇယားများသည် လိမ်မပြောဟူသော စကားပုံတစ်ခု ရှိသည်။ သို့သော် တစ်ခါတစ်ရံတွင်
ထိုကိန်းဂဏန်း ဇယားများ အတွက်လည်း ရှင်းပြဖို့တော့ လိုအပ်သည်။ သမိုင်း နောက်ခံဆိုင်ရာ
အချက်အလက်များ၊ လူမျိုး အမျိုးအစား၊ လိင်ကွဲ ပြားခြင်း၊ ယဉ်ကျေးမှုနှင့် လူမှုစီးပွားရေးဆိုင်ရာ
အချက်များကို ကိန်းဂဏန်း ဇယားများမှ တစ်ဆင့် ရှင်းလင်း ပြောပြ နိုင်သည်။

မကြာခဏ
ဆိုသလို ကိန်းဂဏန်း ဇယားများ နှင့်ပတ်သက်သော အရင်းအမြစ်များသည် တစ်ခု ထက်ပို၍ ရှိနေတတ်သည်။
ဥပမာအားဖြင့် အစိုးရမှ ထုတ်သော ကိန်းဂဏန်း ဇယားများနှင့် တစ်သီး ပုဂ္ဂလများမှ ထုတ်ဝေသော
ကိန်းဂဏန်း ဇယားများ ဟူ၍ ဖြစ်သည်။ ထို့အပြင် လွတ်လပ်သော အဖွဲ့ အစည်းများမှ ထုတ်ဝေသော
ကိန်းဂဏန်း ဇယားများလည်း ရှိနေတတ်သေးသည်။ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အေဂျင်စီများမှ
ထုတ်ဝေသော ကိန်းဂဏန်း ဇယားများသည် ထိုအဖွဲ့ အစည်းများ၏ ရည်ရွယ် သတ်မှတ်ချက်အတိုင်း
ဖြစ်ပေါ် တည်ရှိလာသည်ကိုလည်း မမေ့ပါနှင့်။ ထို့ကြောင့် ထိုကိန်းဂဏန်း ဇယား အသီးသီးတို့
အတွက် တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ချိန် ထိုးကြည့်ခြင်း၊ ခွဲခြမ်း စိတ်ဖြာ ကြည့်ခြင်းတို့
လုပ်ရန် လိုအပ်သည်။ သို့မှသာ မည်သည့် ကိန်းဂဏန်း ဇယားသည် ပိုမို ကောင်းမွန် ခိုင်ခံ့သည်ကို
တွေ့ရှိရမည် ဖြစ်ပြီး အခြေအနေမှန်ကို သိရှိရမည် ဖြစ်သည်။

၅။
စိတ်ခံစားချက်ပေါ် အခြေခံခြင်းကို ရှောင်ရှားပါ။ သတင်းများ ပေးပို့ရာတွင် စိတ်ခံစားချက်ပေါ်
အခြေခံ၍ ရေးသားခြင်းသည် လူအများအတွက် အုတ်အော် သောင်းတင်း ဖြစ်ပွား စေတတ်သည်။ သင်၏သတင်းသည်
တည်ငြိမ်ရမည်။ အချက်အလက် များဖြင့် တည့်တည့်မတ်မတ် ရှိရမည်။ သို့မှသာ မလိုအပ်ဘဲ တပ်လှန့်ခံရသလို
ဖြစ်နေသည့် ပရိသတ်ကို ထိန်းသိမ်းနိုင်မည်။ ပရိသတ်ကို ပညာ ဗဟုသုတပေးခြင်း၊ သတင်းမှန်
ပေးခြင်းမျိုးသာ ပြုလုပ်ပါ။

၆။
သတင်း အရင်းအမြစ်များ- အခြေခံအားဖြင့် သတင်း အရင်းအမြစ် နှစ်မျိုးသာ ရှိသည်ကို သတိပြုပါ။
ဆရာဝန် တစ်ယောက်က သင့်ကို ဤကိစ္စ မှန်သည်ဟု သူ့အနေဖြင့် မဆိုလိုကြောင်း ပြောလိုက်သည်
ဆိုပါစို့။ လူတို့ဘ၀များကို တွေ့ဆုံ မေးမြန်းသည့် အခါများ၊ မှတ်ချက်များ၊ အခြား မိတ်ဆွေများ၊
မိသားစုများ၊ အိမ်နီးချင်းများ၊ သတင်း ဇာတ်လမ်းထဲတွင် အဓိက ပါဝင်နေသူများ အသီးသီးထံမှ
ထင်မြင်ချက်များကိုစုဆောင်း သည့်အခါတွင် ထိုဆရာဝန်၏ မှတ်ချက်တစ်ခု တည်းကိုသာ အတည်ပြု၍
အမြဲ ကိုးကားအသုံးပြုရန် မလိုပေ။ အားလုံးအမြင်များကို စုပေါင်းသုံးသပ် ကောက်နုတ်ချက်
ချကြည့်မှသာ သတင်း ဇာတ်လမ်း၏ အဓိကကျသော ရှင်းလင်းသည့် ရုပ်ပုံကားချပ်ကို မြင်နိုင်မည်
ဖြစ်သည်။

၇။
သင့် သတင်း ဇာတ်လမ်းထဲတွင် အမြင်မတူ ကွဲပြား နေမှုများ ပါဝင်နေရမည်။ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်
ကိစ္စနှင့် ပတ်သက်၍ အမြင် အယူအဆ တစ်ခုတည်း သက်သက်အပေါ် အခြေတည်၍ ဆောင်ရွက်ခြင်းမျိုး
မဖြစ်စေရန် ဂရိုစိုက်ပါ။ မတူကွဲပြားသော ရှုထောင့်များမှ တင်ဆက်ခြင်းဖြင့် စာဖတ်ပရိသတ်
ပို၍စိတ်ဝင် စားလာစေရန် ဖန်တီးပါ။

၈။
သံသယဖြင့် အမြဲ စောင့်ကြည့်ပါ။ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကိစ္စ ရေးသားရာတွင် ဤအချက်သည်
အလွန် အရေးကြီးသည်။ ဒါတွေကို လူတွေက ဘာကြောင့်ပြောနေကြ သလဲ။ အကယ်၍ သင့်အနေဖြင့် ထိုသူတို့
မေးမြန်းရန် အခွင့်သင့်သည် ဆိုပါက သူတို့ကို မဆိုင်းမတွ မေးလိုက်ပါ။ အကောင်းမြင်ဘက်မှ
သံသယဖြင့် အမြဲ စောင့်ကြည့်ခြင်းသည် သင့်ဇာတ်လမ်း အတွက် ဘက်မလိုက်၍ မျှတမှုကို ရရှိ
စေသည်။ ထို့အပြင် သင့်အတွက်လည်း စိတ်ခံစားချက်များနှင့် ဦးစားပေး စဉ်းစားသူ တစ်ဦး ဖြစ်မသွားစေရန်
အတွက်လည်း ကာကွယ်ရာ ရောက်သည်။

၉။
သုံးစွဲသည့် ဘာသာရပ် စကားလုံးများကို သတိထားပါ။ သတ်မှတ် ထားရှိသော ရေးသားပုံ စနစ်နှင့်
အသုံးအနှုန်းများကို လေ့လာပါ။ သိပ္ပံဆိုင်ရာ အသုံးအနှုန်းများနှင့် အကျွမ်းဝင်ပါစေ။ အိတ်ချအိုင်ဗွီ/အေအိုင်ဒီအက်(စ်)
နှင့် နေထိုင် နေသူများကို သင်ဘယ်လို သရုပ်ဖော် ရေးသားမည်ဆို သည်ကို စဉ်းစားထားပါ။
မိမိ ပုံဖော်ရေးသားမှုသည် နှိမ့်ချခြင်း၊ ခွဲခြားခြင်းတို့ကို ဖြစ်ပေါ်စေပြီး တစ်ဖက်သား
အတွက် ခံစားရခက်လောက်အောင် မဖြစ်စေရန် သေချာပါစေ။

အိတ်ခ်ျအိုင်ဗွီနှင့်
အေအိုက်ဒီအက်(စ်) သတင်း ရေးသားပေးပို့ခြင်း လမ်းညွှန် စာအုပ်ကနေ ရယူ ဖော်ပြပေးထားတာ
ဖြစ်ပါတယ်။ ဖူးငုံသတင်း သမားများ မလွဲမသွေ တွေ့ကြုံရမယ့် သတင်းနယ်ပယ် တစ်ခုဖြစ်တာမို့
အသေအချာ လေ့လာမှတ်သား စေချင်ပါတယ်။ အကြောင်း တိုက်ဆိုင်လို့ ဒီသတင်း နယ်ပယ်ထဲကို ရောက်ရှိသွားမယ်
ဆိုရင် အထက်မှာ ဖော်ပြခဲ့တဲ့ အခြေခံကျင့်ဝတ်များ အတိုင်း လိုက်နာပြီး လေ့လာပါ၊ မေးမြန်းပါ၊
ပို့ ကြည့်ပါ။

 

အယ်ဒီတာ

10
October 2009

ရွှေမြူတေ - (Oct-2009)
ပို့ကြည့်ပါ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top