မေး။ ။ အိပ်အိုင်ဗွီ ရောဂါရှိသူအား ပြုစုရာတွင် ထိုသူ၏ အသားအား ထိတွေ့ ကိုင်တွယ်ပေးပီး ယားယံသည့်နေရာအား မိမိ၏ လက်ဖြင့် ပွတ်သပ်ပေးခဲ့ ပါသည်။ ထို့နောက် ချီပိုးပေးခြင်း၊ နေရာရွှေ့ပြောင်းပေးခြင်း များ ပြုလုပ်ပေးပီး လက်ဆေးရန် မေ့ခဲ့ပါသည်။ လက်အိတ်လည်း အသုံးမပြု မိခဲ့ပါ။ မိမိ၏ မိသားစုဝင် ဆွေမျိုးဖြစ်သောကြောင့် ခဏတဖြုတ်ပေပဲလေဟု ဆိုကာ ဒီတိုင်းနေပီး သတိလက်လွတ် မိမိ၏နှာခေါင်း ယားယံမှုအား ပွတ်သပ် မိခဲ့ပါသည်။ ထို့နောက် မိမိနှာခေါင်း ယားယံလာသဖြင့် ခင်ပွန်းအားပြောပြခဲ့ရာ ခင်ပွန်းမှ မိမိအား စိတ်မသန့်ဖြစ်သဖြင့်၊ မိမိတွင်လည်း သားသုံးယောက် ရှိသဖြင့် ထိုပြုလုပ်မိသော အရာသည် ကူးစက်နိုင်ဖွယ် ရှိမရှိအား ဂရုဏာထားကာ ဖြေကြားပေးစေ လိုပါသည်။
ဖြေ။ ။ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသူကို ယားယံတဲ့ နေရာကို ပွတ်သတ်ရုံနဲ့ ပြုစုပေးသူကို အိတ်ခ်ျအိုင်ဗွီ ပိုးအလွယ်တကူ မကူးစက်နိုင်ပါဘူး။ လူနာရဲ့ အရေပြားမှာ အရေပြားရောဂါ ဥပမာ- ရေယုံ၊ ပွေး၊ ၀ဲ စတာမျိုး ရှိနေ ရင်တော့ ပြုစုသူကို အရေပြား ရောဂါတွေ ကူးစက် တတ်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။
လူနာရဲ့ အရေပြားမှာ ပြည်တည်နာတွေ၊ သွေးစုနာတွေ ရှိနေပြီး ပြုစုသူရဲ့ လက်မှာ အနာ (သို့) ထိခိုက် ရှနာရှိမှာသာ HIV ကူးစက်ဖို့ အခွင့်အလမ်း ရှိတာပါ။ ဒီလို အခြေအနေ မျိုးမှာတော့ လက်အိတ် သုံးသင့်ပါတယ်။
အိတ်ခ်ျအိုင်ဗွီပိုး ရှိသူတွေနဲ့ အတူနေထိုင်းခြင်းက ပိုးအလွယ်တကူ မကူးစက်နိုင်ပါဘူး။ အောက်ဖော်ပြပါ အခြေအနေတွေကြောင့် အိတ်ချိအိုင်ဗွီ ပိုးကူးစက်မှု မဖြစ်နိုင်ပါဘူး။
- ထမင်း တစ်ဝိုင်းတည်းအတူစားခြင်း
-ရေခွက်တစ်ခုတည်းကို မျှဝေ သုံးခြင်း
-အိမ်သာတစ်ခုကို မျှဝေသုံးခြင်း
-သာမန် လူနာကို ပြုစုပေးခြင်း (အေအိုင်ဒီအက်စ်အဆင့်မရောက်သေးသော လူနာ)
-တစ်ခန်းတည်း အတူအိပ်ခြင်း
-အလုပ်အတူတူလုပ်ခြင်း
အိတ်ချိအိုင်ဗွီပိုး ရှိတဲ့လူနာက အေအိုင်ဒီအက်စ် အဆင့် ရောက်နေရင်တော့ ပြုစုသူက သတိရှိရပါမယ်။
ဥပမာ - လူနာမှာ အရေပြားက ပြည်တည်နာ၊ သွေးစုနာ၊ အကြိတ်ပေါက်နာတွေ ရှိနေရင် လက်အိတ်သုံးပါ။ လူနာရဲ့ ၀တ်ပြီးသား အ၀တ်အစားတွေကိုလည်း သတိနဲ့ ကိုင်တွယ်ပါ။စနစ်တကျ လျှော်ဖွတ် သန့်စင်ပါ။
ဥပမာ - လူနာမှာ တီဘီရောဂါရှိနေရင် ပြုစုသူက နှာခေါင်းစည်းတပ်ထားရပါမယ်။ လူနာရဲ့ သလိပ်၊ သွေး၊ပြည် စတဲ့ အညစ်အကြေးတွေကို သတိနဲ့ ကိုင်တွယ် စွန့်ပစ်ရပါမယ်။ ကလေးတွေကို လူနာအနား မခေါ်ဆောင် သင့်ပါဘူး။
ဥပမာ - လူနာက ၀မ်းပျက်ဝမ်းလျှောဖြစ်နေရင် ပြုစုသူက တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူး ဂရုပြုရပါမယ်။ လူနာကို အစားအသောက် ပြင်ဆင်ပေးတဲ့ နေရာမှာ သန့်ရှင်းဖို့ လိုပါတယ်။
တကယ်တော့ အေအိုင်ဒီအက်စ် အဆင့် ရောက်နေတဲ့ လူနာတွေမှာ ခုခံအား အလွန်ကျဆင်းလာလို့ ပြုစုသူဆီကနေတဆင့် ရောဂါပိုးတွေ သူတို့ပြန်ပြီး ခံစားရဖွယ် ရှိပါတယ်။ ခုခံအား ကျလာတာနဲ့အမျှ ပြင်ပက ပိုးမျိုးစုံက ၀င်ရောက်ပြီး ရောဂါ ပိုဆိုးစေပါတယ်။ ဒီလို ရောဂါတွေ ခံစားရချိန်မှာ သူတို့အတွက် မိသားစုရဲ့ အပြုအစု အယုအယက အလွန် အရေးကြီးပါတယ်။ ဒီအချိန်မှာ ပြုစုသူတွေ မိသားစုတွေက ရွံရှာပြီး မပြုစုပဲ မျက်ကွယ်ပြုခဲ့ရင် ရောဂါသည်မှာ ပိုပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့ လာပါတယ်။
မိတ်ဆွေအနေနဲ့ ရောဂါသည်ကို အခြေအနေ တစ်ခုအထိ ပြုစုပေးခဲ့တဲ့ အတွက် ဂုဏ်ယူကြောင်း ပြောပါရစေ။ ရောဂါသည်တွေ အပေါ် ကြင်နာမှုပြသခြင်းဟာ သူတို့အတွက် အသက်ရှင်သန်စေမှုကို အားဖြစ်စေပါတယ်။ အခုကိစ္စမှာ HIV ကူးနိုင်ခြေ မရှိပါဘူး။ ဒီတော့ သံသယတွေ ရှင်းပြီး နောက်တစ်ခါ ရောဂါ သည်နဲ့ ပြန်တွေ့ရင်လည်း အရင် တစ်ခေါက်လို ပြုစုပေးပါလို့ တိုက်တွန်းပါတယ်။
လမင်းကို




