23
Mar

PLH တစ်ယောက်နဲ့ ဆက်ဆံရင်း ကွန်ဒုံး ကျွတ်သွားခဲ့ရင်

မေး - ဆရာ ကျနော်က အိတ်ခ်ျအိုင်ဗွီ ကူးစက် ခံထားရသူဖြစ်ပြီး၊ ကောင်မလေးနဲ့ လိင်ဆက်ဆံ မိပါတယ်။ ပြဿနာက ကွန်ဒုံး ကျွတ်သွားတာပါ။ စက္ကန့်ပိုင်း အတွင်း သိတော့ သိသိချင်း ပြန်ထုတ်ပါတယ်။ အဲ့ဒီ အချိန်မှာ သုတ်ရည် လုံးဝ မထုတ်ရသေးပါဘူး။ အဲဒါ ကူးနိုင်၊ မကူးနိုင် သိချင်ပါတယ်။

ဖြေ - အခုလိုမျိုး ကိစ္စတွေဖြစ်တဲ့ အခါ စိတ်ပူမိတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုပါ။ ကွန်ဒုံး ကျွတ်သွားချင်း ဘာလုပ်လိုက်သလဲ ဆိုတာ သိရရင် ပိုကောင်းပါတယ်။ ဥပမာ ကွန်ဒုံး အသစ်လဲလိုက်ပြီး ဆက်ဆံတာ ဆက်လုပ်ဖြစ်လား၊ သို့မဟုတ် အဲဒီနောက် မဆက်ဆံဖြစ်ဘူးလား ဆိုတာမျိုး သိချင်ပါတယ်။

အကယ်၍ ကွန်ဒုံး ကျွတ်သွားတာ တကယ်တမ်း စက္ကန့်အတွင်းမှာ ချက်ချက် လိင်တံကို မိန်းမကိုယ်ထဲကနေ ဆွဲထုတ်ဖြစ်ခဲ့ရင်တော့ ကူးနိုင်ခြေ နည်းတယ်လို့ ဆိုရပါမယ်။ သုတ် မလွတ်သေးခင်ဖြစ်တော့ ပိုးကူးနိုင် တဲ့ ဖြစ်နိုင်ခြေ နည်းတယ်လို့ပဲ ဖြေရပါမယ်။

မိတ်ဆွေက အေအာတီ (ART) ဆေးသောက်နေလား ဆိုတာလည်း သိချင်ပါတယ်။ အကယ်၍ မိတ်ဆွေက ART ဆေးသောက်နေသူ ဖြစ်ရင်တော့ ပိုးပမာဏက သုတ်ထဲမှာ နည်းနိုင်လို့ မိန်းကလေးကို ကူးနိုင်ခြေ နည်းတယ်လို့ ဆိုရပါမယ်။

စိတ်ပူနေမယ်၊ စိတ်သောက ရောက်နေမယ် ဆိုရင်တော့ နောက် ၃ လ အကြာမှာ မိန်းကလေးကို သွေးစစ်ပြီး HIV ရှိ/မရှိ စစ် စေချင်ပါတယ်။ ၃ လနဲ့ စစ်တာ စိတ်မချသေးဘူး ဆို၇င် နောက် ၃ လ (၆ လ) အကြာမှာ ထပ်စစ်ပေးပါ။ ဒါဆိုရင် စိတ်အေးသွားမှာပါ။

နောက်တစ်ချက်က မိတ်ဆွေမှာ HIV ပိုးရှိနေတာ မိန်းကလေးကို အသိပေးထားပါ သလား၊ သူမက သိနေတယ် ဆိုရင်တော့ စိတ်သောက သက်သာစေဖို့ တတ်ကျွမ်းတဲ့ သူတွေနဲ့ နှစ်သိမ့် ဆွေးနွေး တာမျိုး ပြုလုပ် သင့်ပါတယ်။

နောက်ထပ်ဒီလိုမျိုး မဖြစ်ရအောင် ကွန်ဒုံးကို စနစ်တကျ အသုံးပြုဖို့ တိုက်တွန်းပါရစေ။
----
[နောက်ဆက်တွဲ မေးခွန်း] - ကျေးဇူးအများကြီး တင်ပါတယ်ဆရာ။ ကျနော့်အကြောင်း သူအကုန်သိပါတယ်။ အေအာတီ သောက်တာ ၁ နှစ် ကျော်ပါပြီ။ စီဒီဖိုး (CD4) လည်း တက်ပါတယ်။ ကွန်ဒုံးကို သိသိချင်း ချက်ချင်း ချွတ်ပြီး ရပ်လိုက်ပါတယ်။ စိတ်ပူမိတာ ကျွတ်တဲ့အချိန် အရည်ကြည်တွေများ ဝင်သွားမလား၊ အရည်ကြည်မှာကရော ကူးစက်နိုင်ခြေ များသလား။ စစ်လည်း စစ်ပေးချင်ပါတယ်။ စစ်ရမှာကိုလည်း ကြောက်နေပါလို့ပါ။

[နောက်ဆက်တွဲ မေးခွန်း အတွက် အဖြေ] - မိတ်ဆွေပြောသလိုပဲ အရည်ကြည်တွေ ဝင်နိုင်ပါတယ်။ ဒီတော့ စိတ်ချရအောင် စစ်လိုက်တာ ပိုကောင်းပါတယ်။ ဒီလို စစ်ခြင်းအားဖြင့် ၂ ဦးစလုံးအတွက် သံသယကို ကင်းစေပြီး ကံခေလို့ စစ်တာ Positive ဖြစ်နေရင်လည်း ပြင်ဆင်ဖို့ အချိန် ပိုရစေပါတယ်။ (ဒါက အဆိုးဆုံး အချိန်အတွက် ပြောပြတာပါ)

ဒီတော့ ၃ လကြာရင် စစ်ဖို့ တိုက်တွန်းပါတယ်။ ART သောက်နေတာ ဆိုတော့ ကူးနိုင်ခြေတော့ နည်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ချရအောင် သွေးစစ်တာတော့ အကောင်းဆုံးပါ။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top