ဧပြီ ၁၅၊ ၂၀၁၁
(PLHA – People living with HIV/ AIDS)
(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး ခံစားချက်များ)
သူ့နာမည်က နေသွေးအောင်
မန္တလေး ပြည်သူ့ဆေးရုံကြီး ဖျားနာဆောင် ၂ ဆိုတော့ ကျွန်တော်
ဒုတိယအကြိမ် တက်ခဲ့တဲ့ နေရာပေါ့။ မေ့ပျောက်လုနီးပါးဖြစ်နေတဲ့ အားငယ်မှုကို ပြန်ခံစားမိတယ်။
သူလဲ ငါ့လိုဘဲနေမှာဆိုတဲ့ အတွေးဝင်လာတယ်။ သူ့တစ်ကိုယ်လုံး ဖောရောင်နေတယ်။ သူ့ကို ကျွန်တော်
မမှတ်မိဘူး။ သူ့အစ်မ ကိုတွေ့မှ ခုတင်ပေါ်ကလူနာဟာ သူမှန်းသိတယ်။ ကျွန်တော်တုန်းကလိုပဲ
အပြင်တန်းမှာဘဲ ထား တယ်။ အတွင်း Hall ထဲမှာ ခုတင်လွတ်တွေ အများကြီးရှိနေတယ်။
အပြင်တန်းဆိုတော့ လူသွားလမ်းပေါ့၊ တခြားလူနာသတင်းမေးတွေက
အနားရောက်ရင် နှာခေါင်းပိတ် ကြ၊ ခပ်သွက်သွက်သွားကြ၊ အကြည့်တစ်မျိုးနဲ့ ကြည့်ကြတာပေါ့။
အပြင်တန်းကလူနာတွေဟာ PHLA တွေဖြစ်မှန်း တော်တော်များများသိကြတယ်။ ကျွန်တော်သူနာပြုဆရာမလေးတွေကို
မေးကြည့်တော့ အခြားလူနာတွေနဲ့ ရောထားရင် အဲဒီလူနာတွေဆီကရောဂါတွေ ကျွန်တော်တို့ PHLA
တွေကို ကူးစက်မှာစိုးလို့ ခွဲထားတာလို့ ပြောပြတယ်။ ဆရာ၊ဆရာမတွေ သူနာပြုတွေက ဖော်ရွေနွေးထွေးပါတယ်။
သူ ကျွန်တော်ရောက်မှန်းသိတော့ အားတက်လာတယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့
ကျွန်တော် တို့က ဘဝတူတွေလေ။ ထိုင်ချင်တယ်ပြောလို့ ထူပေးပြီး ရင်ဖွင့်ကြတာပေါ့။ သူမောနေမှာစိုးလို့
Protine တစ်ခွက် ဖျော်ပေးပြီး သောက်ခိုင်းတယ်။ သူက ကျွန်တော်ကိုယ်တိုင် တိုက်စေချင်ပုံရတယ်။
ဒါပေမဲ့ မသိယောင် ဆောင်ပြီး နေလိုက်တယ်။ ကိုယ်တတ်နိုင်တာဆိုရင် ကိုယ့်ဘာသာဘဲ လုပ်စေချင်
တယ်။ ကြိုးစားစေချင်တယ်။ ကျွန်တော်တို့ ရန်ကုန်သွားခဲ့တဲ့ အကြောင်းတွေမေးတယ်။ ကျွန်တော်လို
နေကောင်းပြီး လျှောက်သွားချင်တယ် ပြောတယ်။ ကျန်းမာဖို့အတွက် PHLA များဟာ ဆေးဝါး အဟာရ
စိတ်ဓါတ် အမူအကျင့်တွေလိုတယ်၊ ဆေးတစ်ခုထဲ အားမကိုးသင့်ဘူးလို့ သိသလောက် ရှင်းပြတယ်။
NAP ရုံးကိုသွားပြီး မိတ်ဆွေတစ်ဦးကို သွားရှာတယ်။ မတွေ့ဘူး။
MU I မှာ duty ကျတယ်ပြောလို့ သွားရှာတယ်။ ကျွန်တော်ရောက်သွားတော့ လူနာကို သေးဝတ်လဲပေးနေတယ်။
ကျွန်တော်က ထမင်းသွားစားဖို့ ပြောတော့ လူနာကိုရှင်းပြပြီး ထွက်လာခဲ့ကြတယ်။ သူ့ကို ကျွန်တော်ရှာတာကတော့
ဆေးရုံ တက်တုန်းက အချိန်ရရင် ရသလို ကျွန်တော့်ဆီရောက်လာပြီး အားပေးစကားလာပြောရင်း
မျှဝေခံစားခဲ့လို့ဘဲ။ ဘဝတူတွေဆိုတော့ ဘောင်အကန့် အသတ် အဆင့်မရှိဘူး၊ လွတ်လပ်ညီမျှတယ်။ ကိုယ်တိုင်ခံစားနေရတာဆိုတော့ ဝေဒနာအတိမ်အနက်ကို နားလည်တယ်။ ကွယ်ဝှက်တာမရှိ ဖြောင့်ချက်
ပေးကြတယ်။ အဲဒီတုန်းက ရင်ထဲမှာ ပေါ့ပြီး ရှင်းသွားတယ်။ ကျွန်တော်တို့ PLHA တွေဟာ စိတ်အဟာရ
လိုတယ်လို့ သဘောပေါက်ခဲ့တယ်။
ထမင်းစားရင်း သူ့တွေ့အကြုံတွေ အမြင်တွေကို ပြောပြတယ်။ သူ
လူနာစောင့်လုပ်တာ နှစ်ချီနေ ပြီလေ။ သူပြောတာတွေနားထောင်ပြီး လူနာစောင့်ဝန်ဆောင်မှုဟာ
မလွယ်ကြောင်း၊ စိတ်ရှည်ရ ကြောင်း သဘောပေါက် လာသလိုပဲ။ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး
နေသွေးအောင်ကို တစ်ပတ်လူနာ စောင့် လုပ်လိုက်တယ်။ အိပ်စရာကမရှိ၊ ခြင်ကကိုက်၊ အိပ်တော့လည်း
စိတ်မဖြောင့်တော့ ခဏ ခဏ နိုးတယ်။ မနက်ကျတော့ မျက်နှာသစ် သွားတိုက်ဖို့ လုပ်ပေးရတယ်၊
အိမ်သာလိုက်ပို့ပေးရတယ်။ ဘုန်းကြီး ကျောင်းကလာလှူတဲ့ ဆန်ပြုတ်ယူပြီး တိုက်တော့ မသောက်ဘူး၊
လ္ဘက်ရည်နဲ့ ထပ်တရာ စားချင်တယ်တဲ့။
သူ့အစ်မက ကျွန်တော်ရောက်လာတဲ့နောက် အနားမကပ်တော့ဘူး၊ သူ့ကိုလည်း
နားလည်ပါတယ်။ ဒီ AIDS လူနာစောင့်တဲ့အလုပ်ဆိုတာ အိပ်ရေးကပျက်၊ အရှက်ကရ၊ အတွေ့အကြုံကနည်းပါး၊
ကိုယ်ပြောတာကို သူက စိတ်မဝင်စား၊ နားမလည်၊ သူ့ဝေဒနာနဲ့ သူခံစားရတာကိုလဲ ကိုယ်ကမခန့်မှန်းတတ်နဲ့
အတော်ခက်ခဲ အနုစိပ်တဲ့ ပညာလို့ လက်ခံမိတယ်။ တစ်ကယ်မလွယ်ဘူး၊ ဒါတောင် တစ်ရက်ပဲရှိသေး
တာနော်။ နောက်ရက်မှာ တော့ နှုတ်ခမ်းမွှေးရိတ်၊ ခြေသည်းလက်သည်းညှပ်ပေးလိုက်တော့ သူ့ပုံက
လန်းလာသလိုပဲ၊ ဒါ့ကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှု အရေးကြီးကြောင်း သဘောပေါက်လာတယ်။ သူကနှိပ်ခိုင်းတော့
စိတ်ထဲမှာ တစ်မျိုး ခံစားမိတယ်။ မနှိပ်တတ်ဖူးလို့ ပြောပြီး ခြေလက်တွေကို လေ့ကျင့်ခန်း
လုပ်ပေးလိုက်တယ်။
သူ့ကိုစောင့်ရင်း နေ့လယ်ပိုင်းတွေမှာ လင်းရောင်ခြည်အဖွဲ့ကလူတွေ
တာဝန်ကျတဲ့နေရာတွေသွားပြီး လေ့လာ မိတယ်။ သူတို့ကို လေးစားတယ်၊ ချီးကျုးတယ်။ ဒီလိုနဲ့
လေ့လာလိုက် အတုယူလိုက် သူ့ကို ပြုစုလိုက် (ပျော်တစ်ဝက် စိတ်ညစ်တစ်ဝက်နဲ့ပေါ့)နဲ့ တပတ်ပြည့်တဲ့နေ့မှာ
ပြန်ခဲ့တယ်။ စိတ်ထဲမှာ ပေါ့ပြီး လွတ်လပ်သွား တယ်လို့တောင် ခံစားမိတယ်။ ကိုယ့်ရဲ့လိုအပ်ချက်
အားနည်းချက်တွေကို လည်း စဉ်းစားမိတယ်။ ဒီလို စိတ်ဓါတ်နဲ့ ဘဝတူ PHLA တွေကို ဘယ်လိုကူညီနိုင်မလဲ။
စန်းမြအေး
၂၀၁၀ ဖေဖော်ဝါရီ ၂၂ ကနေ ၂၄ အထိ ဦးတိုးလွင်တို့ တဆင့်ပြန်ပေးတဲ့
counselling သင်တန်းကို တက်တယ်။ ဒီကြားထဲ ဘဝတူတစ်ယောက် နေမကောင်းလို့ volunteer တွေနဲ့
သွားပြီး အားပေး စကား ပြောကြတယ်။ ကျွန်တော်စဉ်စားတယ်၊ သူ ARV ဆေးစားတာ ၂၀၀၉ ဒီဇင်ဘာ
၃ ရက်နေ့က တည်းက ဆိုတော့ နှစ်လနီးပါးရှိပြီ၊ ဘာ့ကြောင့် တိုးတက် မလာတာလဲ။ ဆေးကတော့
အလှူရှင်ရှိလို့ စားလိုက်ပါရဲ့၊ ပုံမှန် ဝင်ငွေကမရှိ၊ ကလေး နှစ်ယောက်နဲ့ မိခင်အိုကြီးလုပ်စာနဲ့ဘဲ
ရပ်တည်နေရ တာဆိုတော့ အဟာရပြည့်စုံနိုင်ပါ့မလား။ အဲဒါကြောင့် မတိုးတက်တာလား။ နောက်ရက်မှာ
ဆလိုင်းချိပ်တယ်၊ ဦးတိုးလွင်နဲ့ ကျွန်တော်စောင့်ကြည့်တယ်။ သူနဲ့ ကျွန်တော်က တစ်ရပ်ကွက်ထဲဆိုတော့
ညပိုင်း ကျွန်တော်ဆက်စောင့်တယ်။ ဆလိုင်းက မနက် ၈ နာရီကျော် လောက်မှ ကုန်တယ်၊ သူစကား
တွေ ပြောတယ်။
၂၀၁၀ ဖေဖော်ဝါရီ ၂၄ ညနေပိုင်း counselling သင်တန်းပြီးလို့
အိမ်ပြန်တော့ လမ်းမှာ သူ့ယောင်းမလေးနဲ့ တွေ့တယ်။ သူလည်း PLHA တစ်ဦးဘဲ။ မျက်နှာအပျက်ပျက်နဲ့
ပြောတယ်၊ စန်းမြအေးဆုံး ပြီတဲ့။
ဘာဖြစ်လဲ “AIDS” ဇာတ်လမ်းတွဲရှည်ကြီးကနေ နင်တစ်ယောက် အနားရသွားပြီပေါ့။
ငါတို့ကရော ဘယ်လောက်ထိ က နေရဦးမှာလဲ။ မတတ်နိုင်ဘူး၊ ကိုယ်တိုင်ရွေးခဲ့တဲ့ဇာတ်ပဲ။ အမှားပြင်ဆင်ခွင့်
မပေးတဲ့ “AIDS” ကြီးရယ် မရက်စက်လွန်းဘူးလား။ လူတစ်ချို့ကလည်းခွဲခြားတယ်၊ ခံရတဲ့ ပြစ်ဒဏ်
က ကြီးလွန်းတယ်၊ ပေးဆပ်ဆုံးရှုံးရတာ မတန်တဆပဲ၊ ကမ္ဘာကြီးတောင် ကျဉ်းသွားတယ်ထင်တယ်။
သူ့အသုဘကို ကျွန်တော်နဲ့ဘဝတူ အမျိုးသမီးတစ်ယောက် လိုက်ပို့ကြတယ်။
ထုံးစံအတိုင်းပဲ ငိုကြ ဂရုဏာ သက်ကြ၊ တစ်ချို့ကလည်း မသဲမကွဲ တီးတိုးတီးတိုးနဲ့၊ အသံမျိုးစုံ
ကြားရတယ်။ သုဿာန်နား ရောက်ခါနီးမှာ နိဗ္ဗာန်ယာဉ်က စက်ရပ်သွားတယ်။ လူငယ်တွေဆင်းပြီး ဝိုင်းတွန်းကြတော့
စဉ်းစားမိ တယ်၊ အော် နောက်ဆုံးခရီးမှာတောင် အဆင်မပြေတာလား၊ ကျန်ရစ်ခဲ့တဲ့ ကလေးတွေကို
လှည့်ရပ် ကြည့်တာလား စန်းမြအေး။
ဘဝတူတွေရဲ့အခြေအနေ စိတ်နေစိတ်ထား အမူအကျင့်တစ်ချို့ကတော့
အပြောနဲ့လက်တွေ့ ထပ်တူ ကျတဲ့သူ နည်းတယ်။ အဖွဲ့နဲ့ ဆက်သွယ်ကြတဲ့ PLHA 85%လောက်က လက်လုပ်လက်စားတွေပဲ။
ကျွန်တော်လဲ အဲဒီထဲမှာ ထိပ်ကပဲ။ တစ်နေ့ဝမ်းစာ တစ်နေ့ရှာ ကလေးကများဝင်ငွေပါးနဲ့ ကိုယ့်ကျန်းမာရေးကို မစဉ်းစားနိုင်၊ ကလေးတွေရဲ့ အနာဂါတ်ပန်းချီကိုလည်း အရောင်မတင်နိုင်နဲ့
လမ်းဆုံး ရင် တွေ့မယ့်ရွာဟာ ဘယ်လိုမျိုးဖြစ်မလဲ။
ကိုစိုးကြီး
တစ်နေ့တော့ ကိုစိုးကြီးအိမ်သွားတဲ့ Volunteer ကပြောတယ်၊
မျက်လုံးတွေဝါပြီး ခြေထောက်တွေ ရောင်နေတယ်၊ ချွေးအရမ်းထွက်နေတယ်တဲ့၊ ARV ဆေးကိုလဲ မသောက်ချင်တော့ဘူးလို့ ပြောတယ်တဲ့။
ညနေပိုင်းမှာ ကျွန်တော်တို့သွားပြီး အားပေးကြတယ်၊ အခုဖြစ်တဲ့ဟာတွေဟာ ARV စားသူတွေ ကြုံလေ့ကြုံထ
ရှိတဲ့ဟာတွေပါပေါ့၊ ဆေးရဲ့ကောင်းကျိုးနဲ့ ဖြစ်တတ်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုလဲ ရှင်းပြကြတယ်။
ကိုယ်ကြုံခဲ့ရတဲ့ အခက်အခဲနဲ့ စိတ်ခံစားမှုတွေကိုလဲ ပြောပြတယ်၊ သူ့အမျိုးသမီး ကလည်း
တော်ပါတယ်၊ သင့်တင့်တဲ့ အစားအသောက်ကအစ ဘာမှလိုလေသေးမရှိအောင် လုပ်ပေးတယ်။ မိသားစုစားဖို့၊
ဆေးဖိုး၊ လူမှုရေးစရိတ်တွေအတွက် လုံးပမ်းနေရတော့ အနီး ကပ်ပြုစုချိန်တော့ နည်းတာပေါ့။
သူ့အခြေအနေကို အဖွဲ့မှာပြန်ပြောပြတော့ ဦးတိုးလွင်နဲ့ကိုပေါ်ဦး
လိုက်ကြည့်ပြီး ဆေးရုံတင်သင့်တဲ့အကြောင်း သူတို့လင်မယားနဲ့ ပြောကြ ဆိုကြ တိုင်ပင်ကြတယ်။
အခက်အခဲကတော့ ထုံးစံအတိုင်း ငွေနဲ့ လူနာစောင့်၊
အဖွဲ့က ဆေးရုံတက်စရိတ် သုံးသောင်း ပေးမယ်။ စောင့်ဘို့တော့ ကျွန်တော်တာဝန်ယူမယ်ဆိုပြီး
၂၀၁၀ မတ် ၁၉ နေ့မှာ မန္တလေးဆေးရုံကြီးကို သွားပြခဲ့တယ်။
ဖျားနာဆောင် ၁ မှာတက်ခွင့်ရတယ်။ သူ့ကိုတော့ အတွင်းထဲမှာ
နေရာပေးတယ်။ ညနေပိုင်းမှာ ဆရာဝန် လာကြည့်ပြီး ဓါတ်မှန်ရိုက်ခိုင်းတယ်။ အပြင်ဆေးခန်းမှာ
သွားရိုက်ရတာ။ နောက်ရက်ကျတော့ ဓါတ်မှန်ကြည့်ပြီး T.B cap II လို့ပြောတယ်၊ အပြင်ဘက်တန်းကို
နေရာပြောင်းရတယ်။ ဒီတစ်ခါတော့ လူနာဆီက TB ပိုး အခြား လူနာတွေဆီ ကူးမှာစိုးလို့ ထင်တယ်။
ဖျားနာဆောင်IIမှာ တက်နေတဲ့ နေသွေးအောင်ဆီရောက်သွားတော့ သူ့မိဘနှစ်ပါးစလုံး
ရောက်နေတယ်။ အမေကြီးကရောဂါသည်၊ အဖေက ၇ဝ နီးပါး၊ နားလေးတယ်။ လူနာကိုသူတို့စောင့်မယ်၊
သူ့သမက်က ကလေးနေမကောင်းလို့ သူ့သမီးကို ပြန်ခေါ်တဲ့အကြောင်း
ပြောပြတယ်။ အမေကြီးကိုလည်း ဆရာမက ဆေးထိုးပေးထားတယ်လို့ သိရတယ်။
ကိုယ့်လူက အရောင်တော့ လျော့သွားတယ်၊ ဒါပေမဲ့ ရုပ်ပျက်လောက်အောင်
ပိန်ချုံးသွားတယ်၊ ထိုင်လဲ မထိုင်နိုင်တော့ဘူး။ ရေချိုးချင်တယ်ဆိုလို့ တစ်ယောက်တည်း
မလုပ်နိုင်တော့ လင်းရောင်ခြည် အဖွဲ့က တစ်ယောက် သွားခေါ်ရတယ်။ တော်တော်ကိုပိန်ကျသွားပြီ၊
Bed sore လဲပေါက်နေပြီ။ အဝတ်အစားလဲပေး၊ လူနာစောင့်ခုံပေါ်မှာ ထိုင်ခိုင်းပြီး အိပ်ယာခင်းတွေလဲ၊
ပေါင်ဒါမှုန့်တွေ ဖြူးပေး တယ်။ မထိုင်နိုင်ဘူး ထင်တယ်၊ အိပ်မယ်ပြောလို့ ခုတင်ပေါ် ပြန်တင်ပေးလိုက်တယ်။
လိုက်လာသူက အနာဆေးမထည့်ဘူးရင် သူပြောပြမယ် လိုက်လုပ်လို့ဆိုတာနဲ့
လက်အိပ်စွပ်ပြီး ယူစောလ်နဲ့ အနာကိုဆေးတယ်၊ ဂျယ်တစ်မျိုးလိမ်းပြီး ဆေးဝါရည်စိမ်ထားတဲ့
ပတ်တီးလေးကပ်၊ အပေါ်ကအခြောက်တစ်ထပ်ခံပြီး တိပ်ကပ်ပေး လိုက်တယ်။ တစ်နာရီခြားတစ်ခါ အနေအထားပြောင်း
ပေးရကြောင်းလဲ ပြောပြတယ်။
ညပိုင်းကျတော့ ကိုစိုးကြီး သွေးသွင်းရတယ်၊ ချွေးတွေက အရမ်းထွက်တယ်၊
အိပ်စရာနေရာမရှိတော့ ဆေးရုံ အပြင်ဘက် သမံတလင်းပေါ် ထွက်အိပ်လိုက်တယ်၊ မနက်ကျတော့ သူ့အမျိုးသမီး
ပြန်သွားတယ်။ ကျွန်တော် က TB ဌာနမှာ သွားပြီး ဆေးရုံ chart နဲ့ စာရင်းသွင်းတယ်။ ထိုးဆေးရော
စားဆေးပါ တစ်ပတ်စာ ပေးတယ်၊ သလိပ်ပိုးမွေးဖို့သလိပ်ခွက်ကို ပုသိမ်ကြီးအဆုတ်ဆေးရုံကို
ပို့လိုက်တယ်။
ဒေါက်တာကပြောတယ်၊ ARV ဆေးပြောင်းရမယ်၊ တစ်လ ခြောက်သောင်း
ကျမယ်တဲ့၊ မတတ်နိုင်ဘူး ဆိုတော့ IHC မှာသွားပြလို့ လမ်းညွန် တယ်။ IHC ဘယ်လိုပြရမှာလဲ၊ လူနာကလဲ ချွေးပိုထွက်လာသလို ညလဲ မအိပ်ဘူး၊ စကားလဲ မပြောတော့ဘူး။ မှိန်းနေတယ်၊ ကျွန်တော်လဲ ဟိုဟိုဒီဒီတွေးလိုက်၊
ခြင်ရိုက်လိုက်နဲ့၊ မိုးလင်းပိုင်းမှ အိပ်ပျော်သွားတယ်။
မနက်ကျတော့ မျက်နှာသစ် သွားတိုက် အိမ်သာပို့တယ်၊ TB ဆေးတိုက်တယ်၊
ထိုးဆေးကတော့ ၆နာရီ လောက်မှာ သူနာပြုဆရာမလေးလာထိုးတယ်၊ အစာက TB ဆေးနဲ့နီးလို့ မကျွေးသေးဘူး။ ကျွန်တော်အပြင်ထွက်ပြီး ထမင်း ဆီဆမ်းစားပြီး
သူ့အတွက် ဆန်ပြုတ်နဲ့အီကြာကွေး ဝယ်ခဲ့တယ်။ ၈နာရီထိုးတော့ ARV ဆေးတိုက်တယ်၊ သလိပ်ပိုးမွေးဖို့
ပုသိမ်ကြီး အဆုတ်ဆေးရုံကြီးကို မသွားတတ်တော့ ၂ဝဝဝ ပေးပြီး ပို့ခိုင်းရတယ်။ နေ့လယ်ပိုင်း
ကိုပေါ်ဦးရောက်လာတော့ အခြေအနေ ရှင်းပြတယ်၊ ARV ဆေးပြောင်းရမဲ့ အကြောင်း ပြောတယ်။
ဆေးရုံကြီးက မရခင် တလစာလောက်ဘဲလိုတာဆိုတော့ အဖွဲ့က ဆေးအလှူရှင်ရှာပေးလိုက်လို့ အဲဒီကိစ္စ အဆင်ပြေသွားတယ်။ ကိုပေါ်ဦးနဲ့က သူ့သူငယ်ချင်းတွေထောက်ပံ့လိုက်တဲ့
ငွေ နှစ်သောင်း လဲ ပါလာတယ်။ လူနာကို ဒီအကြောင်းတွေ ရှင်းပြရင်း သုံးယောက်သား ဝမ်းသာပေါ့ပါးစွာ
စကားတွေ ပြောကြ တယ်၊ အံ့သြစရာကောင်းတာက ကိုစိုးကြီးထထိုင်ပြီး စကားတွေပြောတာ မမောတမ်းပေါ့။
ထမင်းကို ဘာဟင်းနဲ့စားချင်လဲမေးတော့ ကြက်သားနဲ့စားမယ် ပြောတယ်။
ပြန်လာရင် ဝယ်ခဲ့မယ် ပြောပြီး ထမင်းစားဖို့ ဇလုံကြီးကို သွားကြတယ်၊ ကြက်သားနဲ့ ပါဆယ်တစ်ထုပ်ဝယ်ပြီး
ပြန်ခဲ့တယ်။ ဖျားနာဆောင် ၂ မှာရှိတဲ့ နေသွေးအောင်ဆီ ခဏဝင်ပြီး အားပေးကြတယ်။ အဘိုးကြီးလင်မယားကို
ပြန်ခိုင်းသင့်ကြောင်း၊ စားစရိတ်ပိုကုန်ကြောင်းပြောတော့ သူ့အမက သူနဲ့အမေပြန်မယ်၊
အဘိုးကြီးကို အစောင့်ထားမယ် ပြောတယ်။ ကျွန်တော် တို့လည်း နှုတ်ဆက်ပြီး ပြန်ခဲ့တယ်၊ ဟိုလူနာ
ထမင်းဆာ ရော့မယ်။
ခဏနေတော့ ဆေးရုံဝန်ထမ်းက လာပြောတယ်၊ သွေးထပ်သွင်းရမယ်၊ သွေးဘဏ်မှာ
သွေးလက်ကျန် နည်းနေလို့ သွေးလှူရှင် ရှာရမယ်ဆိုတော့ ကိုပေါ်ဦးက သူလှူမယ်ပြောပြီး သွေးလှူဘဏ်မှာ
ပုံစံဖြည့်တယ်၊ သွေးအိပ် ထိန်းသိမ်းခ ငါးထောင်ငါးရာပေးရတယ်။
နောက်ရက်(၁၀) နာရီလောက်မှာ သူ့အမျိုးသမီး ပြန်ရောက်လာတယ်၊
လူနာကလည်း အယောင် တွေလျော့၊ မျက်လုံးအဝါလည်းကျ၊ ချွေးလည်း သိပ်မထွက်တော့ဘူး။ နေ့လည်ပိုင်းကြတော့
ရောင်း လှည့်ပြီး ဆေးရုံဆင်းခွင့် ပေးတယ်။ ကိုယ့်ဆီမှာကို TB ဆေးဆက်ထုပ်ဖို့ လွှဲစာသွားယူတယ်။
ဆေးရုံ ဆင်းလက်မှတ်ရတော့ ညနေစောင်းပြီ၊ ကားမမှီတော့လို့ ဆရာမသွားပြောပြီး ဆေးရုံမှာ
တစ်ညထပ် အိပ်တယ်။
မနက်ကျတော့ ကိုပေါ်ဦးရောက်လာပြီး ကိုစိုးကြီးအတွက် NAP မှာ
VCCT အမြန်လုပ်ပြီး IHC မှာ TB စာရွက်ရောပြပြီး
စာရင်း (TB ရှိမှ ART ချက်ချင်းရမှာ) လုပ်တယ်။ ဆရာကကြည့်ပြီး သွေးစစ်ဖို့ ရေးပေးတယ်။
Councelling သုံးကြိမ် ဝင်ခိုင်းတယ်။ ဆေးလူမှုဆက်ဆံရေးကို သွားပြီး drug Adherence
Councelling ဝင်ခိုင်းတယ်။ ကျွန်တော်တို့က သူသွေးစစ်ရမဲ့ စာရွက်တွေကို ဓါတ်ခွဲခန်း
မှာ သွားထပ်ပြီး ရက်ချိန်းယူတယ်။
ပြီးတော့ ဖျားနာဆောင် ၂ မှာ တက်နေတဲ့ နေသွေးအောင်ဆီသွားပြီး
ဆက်စောင့်ရတယ်။ သူ့အဖေ တော်တော် ဝမ်းသာသွားပုံရတယ်။ ရောက်မဆိုက်ပဲ တစ်ကိုယ်ရေသန့်ရှင်းရေး
လုပ်ပေး၊ အိပ်ယာခင်းတွေ လဲပေး၊ ပြီးတော့ ပေါင်ဒါမှုန့် ဖြူးပေးတယ်။ အနံ့အသက်ကလည်း တစ်မျိုးကြီး။
Bed sore ကလဲ ဆေးထည့် မမှန်တာလား မသိဘူး။ ပိုကြီးလာတယ်။ သူ့အဖေကိုလည်း ကျွန်တော်လုပ်ပေးတာကို
ကြည့်ပြီး မှတ်ထားဖို့ ပြောရသေးတယ်။ သူ့ကြည့်ရတာ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကူးမှာကြောက်နေပုံဘဲ။
ဒါကြောင့် HIV နဲ့ AIDS အကြောင်း၊ ကူးစပ်ပုံ ကူးစပ်နည်းတွေကို
ရှင်းပြရတယ်။ သူကတော့ ကျွန်တော် ကိုယ်တိုင် PLHA ဖြစ်နေလို့ ရောဂါကူးစက်မှာ မကြောက်တာလို့
ထင်နေပုံရတယ်။ သူ့ဒုက္ခကလဲ မသေးဘူး။ အသက်ကြီးမှ သားရောဂါသည်ကို ပြုစုနေရရှာတယ်။ အညစ်အကြေးပေတဲ့
အဝတ်စားတွေလည်း သူလျှော် နေရတယ်။ ကျွန်တော်လည်း မလျှော်ချင်ဘူး။ ငှားလျှော်ဖို့ထိ စိတ်ကူးမယဉ်နဲ့၊ အခု ဆေးကုတာတောင် အလှူရှင်တွေရဲ့ ပံ့ပိုးမှုကြောင့်၊ မန္တလေး ကရုဏာအသင်းကလည်း
ဆေးဝါးတစ်ချို့ကို ထောက်ပံ့ပေးတယ်။
မတ်လ ၃၀ ရက် ၂၀၁၀
နေသွေးအောင်ကို drug Adherence Counselling သုံးကြိမ်မြောက်စစ်ဖို့
ဆေးလူမှု ဆက်ဆံရေးကို ပို့ခဲ့တယ်။ ဆေးရုံဝင်ထမ်းတွေနဲ့ ရင်းနှီးနေတော့ wheel chair ငှားရတာ
အဆင်ပြေတယ်။ ဆေးရုံက ပို့ပေးရင်တော့ ငွေတစ်ထောင်ပဲ။ 1.4.10 မှာ IHC OPD မှာ စာအုပ်ထပ်ပြီး
ဆရာဝန်ပြ၊ လူနာ မလိုက်နိုင်တဲ့အကြောင်း ပြောပြတယ်။ ARV ဆေး တစ်ပတ်စာထုပ်ပေးပြီး သွေးစစ်ဖို့
စာရွက်ထုတ်ပေးတယ်။
ပြန်လာတော့ ဘိုးတော်က သူ့သားကို မုန့်ကျွေးနေတယ်။ ကျွန်တော်လည်း
ဘေးကထိုင်ပြီး သင်္ကြန် အကြောင်း ပြောတယ်။ မြန်မြန်နေကောင်းအောင်၊ အဟာရပြည့်ဝအောင်စားဖို့၊
စိတ်ဓါတ်မကျဖို့ အားပေးစကားပြောပြီး သူပတ်သက်ခဲ့တဲ့ အတိတ်က သင်္ကြန်အကြောင်းမေးတော့ မျက်နှာကြည်လာပြီး အတိတ်ဇာတ်ကြောင်းတွေကို စိတ်မာန်ပါပါပြောတော့ အသံတွေတောင်မာလို့။
နောက်ရက်မှာ သန့်ရှင်းရေးလုပ်ပြီး အနာဆေးထည့်တာတွေကို သူ့အဖေကို
လုပ်ခိုင်းတယ်။ ဘေးကနေ လိုအပ်တာတွေကို ကူညီပေးတယ်။ ကျွန်တော်က ရေရှည် အနီးမှာနေပြီး
လုပ်မပေးနိုင်တာကြောင့် အတူနေ မိသားစုဝင်များက လုပ်ပုံလုပ်နည်းများကို နားလည်လုပ်ကိုင်တက်မှ
ဝေဒနာရှင်အတွက် အဆင်ပြေမှာ ဆိုတာကို ရှင်းပြရတယ်။ သိပ်တော့စိတ်မပါသလိုပဲ။ မတက်သာလို့
လုပ်နေရတာလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဆေးလိပ်သောက်ချင်လို့ဆိုပြီး အပြင်ထွက်သွားရင်
တော်တော်နဲ့ ပြန်မလာတော့ဘူး။ ထမင်းစားချိန်လောက်မှ ပြန်လာပြီး လူလဲပေးတယ်။
ဓါတ်ခွဲခန်းကို သွေးအဖြေ သွားရွေးတယ်၊ အကုန်မရဘူး။ CD4 စစ်တဲ့စက်ပျက်နေလို့
နောက်ရက်မှ CD4 အဖြေရတယ်။ လူနာက အရိုးပေါ် အရေတင်။ တစ်ကယ်ပါ အိပ်ယာပေါ် အရုပ်တင်တားသလိုပဲ
မလှုပ်ဖူး၊ ချေး၊ သေးလဲ မနိုင်တော့ဘူး။ တစ်ပါးသူအပေါ် လုံးဝ မှီခိုနေရတဲ့ဘဝ။ ကိုယ်လည်း
တစ်ချိန်ကြရင် ဒီလိုအခြေအနေကို ဖြတ်သန်းရမှာလားဆိုတဲ့ အတွေးကဝင်လာတော့ စိတ်ထဲမှာ
တော်တော်မောသွားပြီး အနာဂါတ် စိတ်ကူးတွေတောင် ပျက်သွားတယ်။
ဒါနဲ့ လင်းရောင်ခြည် အဖွဲ့က အတွေ့အကြုံများတဲ့သူတွေကို
မေးကြည့်တယ်။ ဒီလိုအခြေအနေက မိမိပေါ်မှာလည်း မူတည်ကြောင်း၊ ဆေးကုသမှုကို တိကျစွာလိုက်နာခြင်း၊
တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ပါဝင်စားတဲ့ တစ်နိုင်ဝန်အလုပ်များ
လုပ်နေသင့်တဲ့အကြောင်းကို အကျယ်တဝင့်ရှင်းပြမှ မျှော်လင့်ခြင်း သစ်ပင်ဟာ ပြန်လန်း
လာတယ်။ အော် ထိခိုက်ခံစားလွယ်တာ HIV ပိုးရှိ နေတာကြောင့်လားတော့ မသိဘူး။
ဧပြီ ၄၊ ၂၀၁၀
နေသွေးအောင်အတွက် IHC OPD မှာဆေးထုပ်တယ်။ ARV ဆေး တစ်လစာ
ထုတ်ပေး တယ်။ အဲဒီနေ့မှာပဲ ကိုစိုးကြီးလည်း IHC OPD ပြရက်မို့ လာပြတယ်။ ဆရာဝန်က စစ်ဆေးပြီး
ဆေးရုံတက်ခိုင်းပြန်တယ်။ ဖျားနာဆောင် III မှာတက်ရတယ်။ သူမျက်လုံးတွေဝါပြီး ခြေထောက်တွေ ရောင် နေတယ်။
နေသွေးအောင်ဆီပြန်ရောက်တော့ သင်္ကြန်သီချင်းတွေကြောင့်လား
မသိဘူး၊ ရွာပြန်ချင်တယ်ပြောတယ်။ ပြီးတော့ ငိုနေတယ်၊ အမေနဲ့ တွေ့ချင်တာလို့ ပြောတယ်။
ဆရာဝန်ကတော့ ဆင်းချင်ရင် ဆင်းနိုင်ကြောင်း ပြောတယ်။ ကျွန်တော်က ခရီးစရိတ်အခက်အခဲနဲ့
ရွာမှာ ကုသရေး မလွယ်ကြောင်း၊ ဆေးရုံမှာက ၂၄ နာရီ ဆရာဝန်များရှိပြီး လိုအပ်တဲ့ ကုသမှုရကြောင်း
ရှင်းပြပေမဲ့ လက်မခံဘူး။ သူ့အဖေကလည်း ရွာပြန်သယ်ချင်တယ် ပြောတယ်။ သူ့အဖေကိုခေါ်ပြီး
ဆေးလူမှု ဆက်ဆံရေးကိုသွားပြီး အကူအညီတောင်းတယ်။ ဆေးရုံက မဆင်းသင့်ကြောင်း ပြောပေမဲ့
မအောင်မြင်ဘူး။ ဒါနဲ့ ခရီးစရိတ် သုံးထောင် ကူညီလိုက်တယ်။ သူနာပြုဆရာမကြီးကလည်း ဖြောင်းဖြ မရတော့
ဦးဆောင်ပြီး တာဝန်ကျ ဆရာ/ဆရာမတွေ သူနာပြုတွေ၊ ဝန်ထမ်းတွေဆီက အလှူငွေကောက်ပေးတာ သုံးသောင်း
ရတယ်။ ကားငှားပြီး ရွာကို လိုက်ပို့ခဲ့တယ်။ ကားခ လေးသောင်း ပေးရတယ်။
သူတို့ရွာက ကားလမ်းကဆင်းပြီး ၆ မိုင်လောက် သွားရသေးတယ်။
ရွာကိုရောက်တော့ ညဂနာရီရှိပြီ။ ဒါကြောင့် ကိုယ်လည်း ARV ဆေးသောက်၊ သူ့ကိုလည်း ဆေးတိုက်တယ်။
IHC OPD ပေးလိုက်တဲ့ ARV ဆေးကိုလည်း သူ့အစ်မကိုပေးပြီး မှန်မှန်တိုက်ဖို့ ပြောတယ်။
သွေးစစ်ရမဲ့ရက်၊ IHC OPD ပြန်ပြရမဲ့ရက်ကိုလည်း သေချာပြောပြပြီး ကားဆရာတွေနဲ့ မန္တလေးကို
ပြန်လိုက်သွားမဲ့အကြောင်းပြောပြီး ညတွင်းချင်းပဲ မန္တလေးကို လိုက်ခဲ့တယ်။ မန္တလေးကိုရောက်တော့
ည၁၂နာရီထိုးပြီးပြီ။ မန္တလေးကို ပြန်ရမှာပေါ့။ ကိုစိုးကြီးက ဖျားနာဆောင် III မှာလေ။
မန္တလေးဆေးရုံကြီးကိုရောက်တော့ (၁၂)ခွဲလောက်ရှိပြီ။ လူလည်းတော်တော်ပဲ
နုံးနေပြီ။ ကိုစိုးကြီးလဲ အိပ်ပျော်နေပြီ။ ကျွန်တော်လည်း လွတ်နေတဲ့ ကုတင်ပေါ်တက်အိပ်လိုက်တာ
မနက် ၆ နာရီ သူနာပြုဆရာမတွေလှည့်မှ နှိုးတော့တယ်။ တော်သေးတယ်၊ ကိုစိုးကြီးက သွားနိုင်လာနိုင်မို့။
ကိုယ်က အဖော် သဘောပဲ စောင့်ပေးရတယ်။ နေ့လည်ပိုင်းရောက်တော့ သွေးတစ်လုံး ထပ်ချိပ်ရတယ်။
သူ့အမျိုးသမီး လည်း ပြန်ရောက် လာတယ်။ ဖြစ်နိုင်ရင်
ဆေးရုံက ဆင်းချင်တယ်တဲ့၊ ခုတော့ ကားမမှီတော့ဘူးလို့ ပြောလိုက်တယ်။
မနက်ကျတော့ ဆေးရုံဆင်း စာအုပ်လုပ်တယ်။ တစ်လနေရင် ပြန်လာဖို့
ပြောတယ်။ ထူးခြားဆိုးရွား ရင်တော့ အချိန်မရွေး ဆေးရုံကို ပြန်လာပြဖို့ မှာလိုက်တယ်။
တူးပို့တေးသံတွေလည်း နေရာအနှံ့ ပျံ့လွင့်နေတယ်။ မကြာခင် နှစ်သစ်ကူးတော့မယ်။
ဒီကနေ့ ဧပြီ ၁၁၊
၂၀၁၀
သင်္ကြန်တွင်းမှာတော့ အဖွဲ့တွေနဲ့ ဆရာဝန်အသင်းရုံးရှေ့မှာ
ငondom ဝေကြပါတယ်။ တစ်ခါမှ မလုပ်ဘူးတော့ နည်းနည်းရှက်ကြောင်ကြောင်နဲ့ပေါ့။ တစ်ချို့ကလည်း
ယူတယ်၊ တစ်ချို့ကြတော့ မယူဘူး။ ခေါင်းလျှော်ရည်ထုပ် ကိုတော့ ယူကြတယ်။
ကျွန်တော်တို့က “သိပ်မတွေးနဲ့ ကျန်းမာရေးပါလို့” ပြောပြီး
ဆက်ဝေကြတယ်။ နောက်တော့ အပေးအယူမျှ လာတယ်။ condom ရော ခေါင်းလျှော်ရည်ထုပ်ရော ယူကြတယ်။
ကျွန်တော်တို့က “ကျန်းမာရေး” လို့ပြောတော့ တချို့လူငယ်တွေက “ ကာကွယ်ရေး” လို့ပြန်ပြောတယ်။
အတူပါလာတဲ့ ကောင်မလေးတွေကတော့ ကောင်လေး တွေရဲ့ကျောကိုလက်သီးဆုပ်နဲ့ ထုကြတယ်။ ကျွန်တော်တို့လဲ
ရီပြီး “ကာကွယ်ရေး” လို့ လိုက်အော်ကြတယ်။ ပျော်စရာမောစရာတွေပါ ။ဘာဘဲဖြစ်ဖြစ် ပျော်ပါတယ်။
မိန်းကလေးအများစုနှင့် လူတစ်ချို့က လက်မခံချင်ကြဘူး။ ကျွန်တော်
စဉ်းစားမိသလောက်ကတော့ မိရိုးဖ လာဓလေ့ ထုံးစံနဲ့ ကျန်းမာရေးအမြင် ရောထွေးနေလို့ ထင်တယ်။
ဓလေ့နဲ့ ခေတ်မှီတဲ့ ကျန်းမာရေးအမြင် ညှိမရချိန်ကို အခွင့်ကောင်းယူပြီး HIV ပိုးဟာ ကျွန်တော်တို့နိုင်ငံအတွင်း
လျင်မြန်စွာ နေရာယူလိုက်တယ်လို့ ထင်တယ်။
မေ ၂ ၊၂၀၁၀
မနိုင်နဲ့ မကြည်တို့ဘဝတူဘော်လန်တီယာနှစ်ယောက် နေသွေးအောင်ရွာ
သွားကြတယ်။ မိသားစုက လူနာကို တဲတစ်လုံးထိုးပြီး သီးခြားခွဲထားတယ်။ ခန္ဓာကိုယ်အရေပြားက
ခြောက်ပြီး အဖတ်တွေ လန်နေတယ်။ မှက္ခရုလည်းကျတယ်။ လက်သည်းခြေသည်းတွေလည်း မှိုကျနေပြီး
ခြေလက်တွေ ရောင်နေတယ်။ မိသားစုက ဂရုစိုက်မှုနည်းလို့ လူနာမှာစိတ်ဓာတ်ကျနေတယ်လို့ မနိုင်က
ပြန်ပြောပြတယ်။ ARV ဆေးကတော့ မှန်မှန် သောက်နေတယ်တဲ့။
မေ ၃၊ ၂၀၁၀
သူ့အဖေဆီ ဖုန်းဆက်ပြီး ARV ဆေးထုတ်ရက်မှာ မန္တလေးလာခဲ့ဖို့
ချိန်းလိုက်တယ်။ 6.5.2010 မှာ IHC မှာ နေသွေးအောင်အတွက်
ဆေးထုတ်တယ်။ ဆရာဝန်က စစ်ခိုင်းထားတဲ့ သွေးအဖြေ တွေရော၊ လူနာကိုရော မေးတယ်။ သူ့အဖေက
သွေးမစစ်နိုင်တာရယ်၊ လူနာမပါလာနိုင်တာရယ်ပြောပြတယ်။ ဆရာဝန်က ဒီတစ်ခေါက်တော့ ဆေးပေးလိုက်မယ်။
နောက်တစ်ကြိမ်တော့ သွေးစစ်ဖို့နဲ့ လူနာပါမှသာ ဆေးပေး မယ်လို့ ပြောတယ်။
မေ ၉၊ ၂၀၁၀
မနိုင်နဲ့မကြည်တို့နှစ်ယောက် နေသွေးအောင်ဆီ ထပ်သွားတယ်။
လူနာအခြေအနေ မတိုးတက်တဲ့ အပြင် ARV ဆေးတောင် ပုံမှန်မသောက်တော့ဘူးလို့ သိရတယ်။ လူနာက
ဆေးရုံပြန် တက်ချင်နေတယ်၊ ရွာမှာ မနေချင်တော့ဘူးဆိုတာလဲ သိရတယ်။ ကျွန်တော်တို့ဘာများ
ကူညီပေးနိုင်ဦးမလဲ စဉ်းစားတုန်း ရှာဖွေတုန်းမှာဘဲ နေသွေးအောင်တစ်ယောက် ကျွန်တော်တို့ကို
နှုတ်မဆက်လက်မပြဘဲ တိတ်တဆိတ် ကျောခိုင်းသွားပါတော့တယ်။
(နေသွေးအောင် ဇွန်လ
၇ ရက် ၂၀၁၀ နေ့တွင် ကွယ်လွန်သည်)
မိုးမခ - PLHA
တစ်ဦးရဲ့ ဝါကျများ အပိုင်း ၂




