30
Jan

PLHIV များ၏ စိတ်ဓါတ်ခွန်အားကို စက်ဘီးစီးမြှင့်တင်နေသူ လားရှိုးရောက်ရှိ

မြန်မာနိုင်ငံမှ PLHIV (People living with HIV) အိတ်ရှ်အိုင်ဗွီ ကူးစက်ဝေဒနာ ခံစားနေရသူများ၏ စိတ်ဓါတ် ခွန်အားကို မြှင့်တင်လို၍ မြန်မာနိုင်ငံ တစ်ဝှမ်းသို့ စက်ဘီးစီးနင်းရခြင်း ဖြစ်သည်ဟု တစ်ကိုယ်တော် စက်ဘီးစီးနင်းသူ H.I.Vရောဂါသည် ကိုစရကိုမှ ဇန်န၀ါရီလ (၂၈) ရက်နေ့က လားရှိုးမြို့သို့ ရောက်ရှိစဉ် ပြောကြားလိုက်သည်။

ကိုစရကိုမှာ စက်ဘီးစီးနင်းဖြတ်သန်းသည့် ဒေသ ၄၉ ခု ရှိပြီဖြစ်ကြောင်း မြို့ပေါင်း ၂၅၈ မြို့သို့ စက်ဘီးစီး ဖြတ်သန်းမည် ဖြစ်သဖြင့် စက်ဘီးစီးချိန် တစ်နှစ်ခန့် ကြာမည်ဟု ခန့်မှန်းထားကြောင်း ယခု ရန်ကုန်မှ လားရှိုးသို့ စီးနင်းရာ မိုင်ပေါင်း ၁၈၆၀ မိုင် ၀န်းကျင်ရှိကြောင်းနှင့် ရန်ကုန်၌ပင် ခရီးဆုံးမည်ဟု သိရသည်။

“စက်ဘီးစီးပြီး တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ ဟောပြောမယ်၊ စကားဝိုင်းဖွဲ့မယ်၊ အဓိကကတော့ ဒီရောဂါဟာ စိတ်ဓါတ်နဲ့ အများကြီးသက်ဆိုင်ပါတယ်လို့ ကျွန်တော်မြင်မိပါတယ်၊ ဘာလို့လဲဆိုတော့ ဆေးဘယ်လောက် သောက်သောက် စိတ်ဓါတ်ကျနေမယ် ဆိုရင် ထူးခြားမှု မရှိနိုင်ပါဘူး၊ H.I.V နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာက လွဲမှားစွာ အရိုးစွဲနေတဲ့ အယူအဆတွေ၊ ပေးဆပ်မှုတွေ၊ သေဆုံးမှုတွေ နည်းပါးအောင်နဲ့ ရောဂါ ခံစားနေရသူတွေကိုလည်း သွယ်ဝိုက်နည်းနဲ့ ကုသပေးတဲ့ သဘောပါ၊ ဒီရောဂါဖြစ်ရင် လပိုင်းနှစ်ပိုင်း အနည်းငယ်အတွင်း သေဆုံးနေတတ်တယ်လို့ ယူဆနေတဲ့ သူတွေကို လက်တွေ့သိရှိအောင် ပြတဲ့ သဘောနဲ့ပါ” တစ်ကိုယ်တော် စက်ဘီးစီးနင်းသူ HIV-ဝေဒနာရှင် ကိုစရကိုက ပြောသည်။

၂၀၁၀ ခုနှစ် ဇန်န၀ါရီလကတည်းက မိမိအနေဖြင့် ရောဂါရှိသည်ကို သိရှိကြောင်း စက်ဘီးစီးကျန်းမာရေး လိုက်စားသဖြင့် ယခုကဲ့သို့ နေထိုင်နိုင်ခြင်းဖြစ်ကြောင်း စက်ဘီးဖြင့် ဖြတ်သန်းရာမြို့များ၌ဟောပြောပွဲများ စိတ်ဓါတ် ခွန်အားမြှင့်တင်ပေးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

“ဒီလိုမြင်လိုက်ရတော့ ကောင်းနေတဲ့ ကျွန်တော်တောင် ရှက်မိသလို ခံစားရတယ်ဗျာ၊ တကယ်ချီးကျူးတယ် လေးစားတယ်၊ ရိုးရိုးကျန်းမာရေးကောင်းတဲ့ လူတွေတောင် လုပ်ပြဖို့ သိပ်မလွယ်ဘူး၊ သူ့လို လုပ်ပြတဲ့ လူရှိတော့ရောဂါသည်တွေ အနေနဲ့ တော်တော်လေး အားဖြစ်စေပါတယ်ဗျာ၊ အတော်ကုသိုလ်ရမှာပါ၊ ဒီလိုလူကို နိုင်ငံတော်က အသိအမှတ်ပြုသင့်ပါတယ်” ဟု ၄င်းကို ကြိုဆိုသည့် လားရှိုးမြို့ခံ တစ်ဦးကပြောသည်။

အဆိုပါရောဂါသည်မှာ လိင်အပျော်အပါး လိုက်စား၊ မူးယစ်ဆေးအကြောအတွင်း ထိုးသွင်းမှ ကူးစက်ချင်းမျိုး မဟုတ်ပဲ၊ အခြားနည်းလမ်းများဖြင့်လည်း ကူးစက်နိုင်ကြောင်း၊ ရောဂါကူးစက်ပါက အဓိကအားဖြင့် စိတ်ဓါတ် မကျစေရန်နှင့် ဆေးရာဝန်များ၏ ညွန်ကြားမှုကို သေချာလိုက်နာရန် လိုအပ်သလို ဆေးကို အချိန်မှန်သောက်ရန်၊ ပတ်ဝန်းကျင်းအနေဖြင့်လည်း ၀ိုင်းဝန်းကူညီပေးရန် လိုအပ်ကြောင်း စက်ဘီးစီး၍ ဝေဒနာရှင်များအတွက် စိတ်ဓါတ် ခွန်အားမြှင့်တင်နေသူ ကိုစရကိုက ဆိုသည်။

၎င်းမှာ လားရှိုးမြို့သို့ ရောက်ရှိပြီးနောက်ပိုင်း လားရှိုးမြို့ရှိ ဝေဒနာရှင်များကို လိုက်လံဟောပြော အားပေးလျှက်ရှိကြောင်း မြို့ခံများထံမှ သိရှိရသည်။

ကိုစရကိုမှာ မန္တလေး ၁၉ ဒီလမ်း၊ ၈၉/၉၀လမ်းကြား၊ မင်းတဲအီကင်းရပ်၊ အောင်မြေတာဇံမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး အသက် ၃၅ နှစ်ရှိကာ စီးနင်းသောစက်ဘီးမှာ မာရီဒါတောင်တက် အမျိုးအစားဖြစ်ပြီး၊ အဓိက ပံ့ပိုးသူမှာ နာရေးကူညီမှု(ရန်ကုန်) မှ ဦးကျော်သူမှ မြို့နယ်အသီးသီးရှိ နာရေးကူညီမှုအသင်းများနှင့် ဆက်သွယ် ဆောင်ရွက်ပေးသလို မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း (ပြည်သူလွှတ်တော် ကိုယ်စားလှယ်) မှ ART နှင့် အားဆေး တစ်နှစ်စာအတွက် ကူညီထောက်ပံ့ထားသည်ဟု သိရသည်။

မြစ်မခ - PLHIV များ၏ စိတ်ဓါတ်ခွန်အားကို စက်ဘီးစီးမြှင့်တင်နေသူ လားရှိုးရောက်ရှိ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top