မြန်မာနိုင်ငံ၏ ဥပဒေအချို့ကို ပြင်ဆင်နိုင်လျှင် HIV ကူးစက်ခံရနှုန်းလျော့ကျ လာနိုင်ကြောင်း လျှော့ချရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် Transnational Institute က သိရှိရသည်။ HIV/AIDS လျော့ချရေး လုပ်ငန်းများပြုလုပ်ရာတွင် လက်ရှိတွင် အခက်ခဲအချို့ရှိနေကြောင်း ကိုလည်း သိရသည်။ အဆိုပါ လျှော့ချပေးရမည့် ဥပဒေများမှာ မူးယစ်ဆေးဝါးသုံးစွဲလျှင် ဖမ်းဆီးသည့်ဥပဒေနှင့် Sex Worker များကိုလည်း ကွန်ဒုံးတွေ့ရှိသည်နှင့် ဖမ်းဆီးသည့် ကိစ္စရပ်များဖြစ်သည်။
''ဆေးဝါးနဲ့ ပတ်သတ်တဲ့ ဥပဒေတွေကို တင်းကျပ်တားမြစ်နေရင် HIV ကာကွယ်ရေးကို ထိခိုက် နိုင်တယ်။ ဒါ့ကြောင့် လက်ရှိတည်နေတဲ့ ဥပဒေတွေကို တစ်ချက်ပြန်ကြည့် သင့်တယ်။ မူးယစ်ဆေးဝါး နဲ့ရှိနေတဲ့ ဥပဒေတွေကို လျှော့ချသင့်တယ်။ လက်ဝယ်တွေ့ရှိတာနဲ့ မဖမ်းပါဘူးဆိုတဲ့ ဥပဒေမျိုးထွက် သင့်တယ်။ ဖြန့်တာမဟုတ်ပဲ ကိုယ်သုံးစွဲတဲ့ ပမာဏနည်းနည်းပဲဆိုရင် ခွင့်ပြုပေး သင့်တယ်။''ဟု Transnational Institute မှ Mr.Martin Jelsma က အကြံပြုပြောဆိုသည်။
ဆေးစွဲမှုပြဿနာကို ဖြေရှင်းရန် ထောင်ထဲသို့ ထည့်လိုက်ခြင်းဖြင့် ဆေးပြတ်မသွားနိုင်ကြောင်း ဆေးသုံးစွဲသူများကို လိုအပ်သည့် ပမာဏအားရောင်းချပေးနိုင်သည့် နေရာများလည်းရှိသင့်ကြောင်း ၄င်းက ဆက်ပြော သည်။
''ဆေးသုံးစွဲတဲ့ သူဟာ ဆေးရဖို့အတွက် တခြားပြစ်မှု ကျူးလွန်တာတွေလည်း ရှိနိုင်တယ်။ တခြားပြစ်မှု ကျူးလွန်တာတွေကိုတော့ အပြစ်ပေးသင့်ပြီး ဆေးသုံးစွဲတာကိုတော့ အပြစ်မပေးသင့်ဘူး၊ လမ်းဘေးမှာ ဘိန်း(၁ဝ) ဂရမ်လောက်ရောင်းတဲ့သူကို ဖမ်းမိရင် သူကျခံရမယ့် ပြစ်ဒဏ်က မိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်လို့ ကျခံရမယ့် ပြစ်ဒဏ်ထက် ပိုများနေတာကိုလည်း တွေ့ရတယ်။ ''ဟု Mr.Martin Jelsma က ဆက်ပြောသည်။
အဆိုပါ စနစ်အား ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း (၃ဝ) ခန့်မှ စတင်ကျင့်သုံးနေပြီဖြစ်ပြီး ကျင့်သုံးသည့်နိုင်ငံများတွင် ကူးစက်နှုန်း ကျဆင်းလျက် ရှိပြီး ဆေးဖြတ်သူများ ကိုယ်တိုင်လည်း ဆေးရုံသို့ လာရောက် ဆေးဖြတ်ခြင်း ၊ ဆေးသုံး၍ ဖြစ်ပေါ်လာသည့် ပြစ်မှုများလျော့ နည်းလာခြင်း၊ ဆေးစွဲသူများအား လိုက်ဖမ်းလျှင် ကုန်ကျသည့်စရိတ်များမှာလည်း ကာကွယ်ရေး၊ ကုသရေး လုပ်ငန်းများသို့ ရောက်ရှိ သွားနိုင်ကြောင်းကိုလည်း သိရှိ ရသည်။
Sex Worker များနှင့် ပတ်သကါ၍လည်း ကွန်ဒုံးတွေ့ရုံဖြင့် ဖမ်းသည့် ကိစ္စများမရှိသင့်တော့ကြောင်း မိန်းကလေး တစ်ဦးအား ဖမ်းမည်ဆိုလျှင် ရှိထားသည့် နည်းဥပဒေများဖြင့်သာ ဆောင်ရွက်သင့်ကြောင်း Sex Worker များထံက သိရှိရသည်။
''တရားဝင်သတ်မှတ်ထားတဲ့ ဥပဒေတွေကို တရားဝင်ပဲ သုံးစေချင်တယ်။ ပုဒ်မ ၃(ခ) ဆိုတာ ဘယ်လို ပုဒ်မဖြစ်တယ်။ ဖမ်းဖို့အတွက် နည်းဥပဒေတွေလည်း ရှိတယ်။ အဲဒါတွေနဲ့ပဲ လုပ်သင့်တယ်။ မိန်းကလေး တစ်ယောက် ကာမအိနြေ္ဒပျက်ပြားအောင် ဖမ်းဆီးတာမျိုးတွေ မလုပ်သင့်ဘူး။ ကျွန်မတို့မှာ မဟုတ်တဲ့ ပုဒ်မတွေနဲ့ နေ့စဉ် အဖမ်းခံနေရပါတယ်။ ပြဿနာ ဖြစ်ရင်လည်း ဘယ်သွားတိုင်ရမှန်းလည်း မသိဘူး။'' ဟု Sex Worker တစ်ဦးက ပြောသည်။
အဆိုပါ ဥပဒေများကို လျှော့ချရန်မှာ UN အောက်တွင်ချုပ်ထားသည့် စာချုပ်အားပြန်လည် ညိုနှိုင်းပြင်ဆင် ပြီးမှသာ လျှော့ချနိုင်မည်ဖြစ်ပြီး လျှော့ချလျှင်လည်း စီးပွားရေးပိတ်ဆို့မှုကဲ့သို့ အရေးယူမှုများ ပြုလုပ် နိုင်ကြောင်းနှင့် လုပ်၍ရသည့် နည်းလမ်းများရှိကြောင်းကိုလည်း သိရှိရသည်။
''ကျွန်တော်တာဝန်ယူစဉ်ကတည်းက ဒီကိစ္စကို ဝန်ကြီးကိုရှင်းပြပြီး ကွန်ဒုံးတွေ့ရုံနဲ့ မဖမ်းပါဘူးဆို တာကို တင်ပြခဲ့တယ်။ အဲ့ကတည်းက ဒီဟာက ပယ်ဖျက်ပြီးသားပါ။ နယ်တွေမှာ အဲလိုတွေနဲ့ ဖမ်းတာတွေ ရှိနေသေး တယ်ပေါ့။ ဒါပေမယ့် တရားရုံးမှာတော့ ကွန်ဒုံးကို သက်သေအဖြစ်ပြလို့ မရပါဘူး။'' ဟု မူးယစ်တပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာအစိုးရနှင့် (TNI) ၏ ဆက်ဆံရေးသည် အဆင်ပြေလျက်ရှိကြောင်း အရင်က မရရှိခဲ့သည်များကို ယခုတွင် လမ်းဖွင့်ပေးထားကြောင်း ဆွေးနွေးခွင့်များလည်း ရရှိထားကြောင်း ဘန်ကောက်တွင် လည်း မြန်မာ အစိုးရဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရှိရသည်။
''စီးပွားရေး ပိတ်ဆို့မှုတွေ မဖြစ်အောင်လို့ လုပ်လို့ရတဲ့ နည်းလမ်းတွေရှိတယ်။ ဘိုလီးဗီးယားဆို စာချုပ်က ခဏနှုတ်ထွက်လိုက်တယ်။ သူတို့ လိုချင်တဲ့ အချက်တွေကို ပြင်ဆင်ဖြုတ်ပစ်ပြီး ချက်ချင်းပြန်ဝင်တယ်။ ဒါမျိုးလည်း လုပ်လို့ရတယ်။''ဟု Mr.Martin Jelsma က သုံးသပ်ပြောဆိုသည်။
Transnational Institute (TNI) အနေဖြင့် ကမ္ဘာ့နိုင်ငံပေါင်း များစွာထဲမှ အောင်မြင်ခဲ့သည့် နိုင်ငံများနည်းတူ သင့်တော်သည့်ဥပမာများအား မြန်မာနိုင်ငံသို့ ယူဆောင်လာ၍ အစိုးရနှင့် ပူးပေါင်း နိုင်ရန် ဆွေနွေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
မြစ်မခ - နိုင်ငံရှိ Sex Workerနှင့် မူးယစ်ဥပဒေအား ပြင်ဆင်နိုင်လျှင် HIV ကူးစက် ခံရနှုန်းလျော့ ကျဖွယ်ရှိ




