အခု
အရမ်းကို ပြောချင်တဲ့ ကိစ္စလေးက လိင်မှုဆိုင်ရာ အနှောက်အယှက်ပေးမှု (sexual
harassment) အကြောင်းလေး ဖြစ်နေတယ်။ လိင်မှုဆိုင်ရာ အနှောက်အယှက်ပေးမှုက ကျန်းမာရေး ပြဿနာ
ဟုတ်၊မဟုတ်ဆိုတာ သေသေချာချာ တွေးကြည့်ရင် သိနိုင်တဲ့ အရာပါ။
လိင်မှုဆိုင်ရာ
အနှောက်အယှက်ပေးမှု ဆိုတာက အမျိုးသားတွေက အမျိုးသမီးတွေ အပေါ်မှာ ပြုမူတာကိုတင် ခေါ်တာ
မဟုတ်ဘဲ အမျိုးသမီးတွေက အမျိုးသားတွေ အပေါ်မှာ ပြုမူပဲ ဖြစ်ဖြစ်၊ လိင်တူ အချင်းချင်းက
ပြုမူတာပဲ ဖြစ်ဖြစ် လိင်မှုဆိုင်ရာ အနှောက်အယှက် ပေးမှုတွေ အားလုံးကို ခေါ်ဆိုတာပါ။
လိင်မှု
ဆိုင်ရာ အနှောက်အယှက်ပေးမှုက လက်ပါ၊ ခြေပါမှ မဟုတ်ပါဘူး။ စကားနဲ့၊ အမူအယာနဲ့၊ အပြုအမူနဲ့
လုပ်တာတွေ အကုန်လုံး အကြုံးဝင်ပါတယ်။
Wikipedia
က လိင်မှုဆိုင်ရာ အနှောက်အယှက်ပေးမှုကို အခုလို အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
" Sexual harassment is
unwelcome attention of a sexual nature and is a form of illegal and social
harassment. It includes a range of behavior from seemingly mild transgressions
and annoyances to actual sexual abuse or sexual assault."
မြန်မာနိုင်ငံတွင်းမှာ
ယဉ်ကျေးတယ် ပြောကြတယ်။ မြန်မာ့ယဉ်ကျေးမှုလို့ ပြောကြတယ်။ ဒါပေမယ့် လိင်မှုဆိုင်ရာ
အနှောက်အယှက် ပေးမှုတွေက နေရာတိုင်းမှာ ရှိနေတယ်လို့ ကျွန်မခံစားရပါတယ်။ ဥပမာလေးတစ်ခု
ပြောမယ်ဆိုရင် လူအများစု မှီခိုအားထားနေရတဲ့ ဘတ်စ်ကားတွေပဲ ဆိုပါတော့။ ကျွန်မက ဘတ်စ်ကား
အစီးများတဲ့ သူဆိုတော့ ကားစပါယ်ရာတွေနဲ့ အမြဲပြဿနာ တက်ရလေ့ ရှိပါတယ်။ သူတို့ မဆွဲတင်၊
မတွန်းတင်လဲ အပေါ်ကို ရောက်အောင် တက်နိုင်မှန်း သိနေပါလျက်နဲ့၊ တစ်ခါတစ်လေဆို အပေါ်ကို
ရောက်ပြီးပါလျက်နဲ့ မလိုအပ်တဲ့ လက်တွေက ရောက်ရောက် လာတတ်တာ။ ဒါကို ရပိုင်ခွင့်တစ်ခုလို
ပြုမူနေကြပြီး ဘယ်သူကမှလဲ အလုပ်ရှုပ်ခံ ပါးစပ်ညောင်းခံပြီး ပြောမနေကြပါဘူး။
ဒါက
ဘတ်စ်ကားကိုပဲ မှီခိုအားထားနေရတဲ့ အမျိုးသမီးတွေ နေ့စဉ် ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ အသေးစိတ်ပြောရင်
ပြောစရာတွေ ထောက်ပြစရာတွေ အများကြီး ရှိပါသေးတယ်။ လုပ်ငန်းခွင်တွင်းမှာ ကြုံတွေ့နေကြရတဲ့
လိင်မှုဆိုင်ရာ နှောက်ယှက်မှုတွေကိုလဲ အဓမ္မကျင့်တဲ့ အဆင့်လောက် အထိ မရောက်ရင် ဖြစ်ရိုးဖြစ်စဉ်
ကိစ္စတွေလို သဘောထား နေကြတာ များပါတယ်။
အမျိုးသမီး တစ်ယောက် လုပ်ငန်းခွင်ထဲကို ရောက်လာတဲ့အခါ ဒီလိုအနှောက်အယှက် ပေးခွင့် ရှိတယ်လို့
ယူဆကြတာ၊ အနှောက်အယှက်ပေးတာ လုပ်သင့်တဲ့ ကိစ္စတစ်ခုလို့ ယူဆထားကြတာ များတယ်လို့ မြင်မိပါတယ်။
အမျိုးသမီးတွေကိုလဲ
ကျေနပ်လို့ ငြိမ်နေကြတာပေါ့လို့ လွယ်လွယ်ကူကူ ပြောကြတာ များပါတယ်။ မကျေနပ်လို့ ပြန်ပြောတတ်တဲ့သူတွေက လူဆိုးဖြစ်ပြီး အကြဉ်ခံရ၊ ပြဿနာ ရှာခံရတာတွေ များပါတယ်။
ဒါပေမယ့်
တကယ်လို့ ဒါတွေကို အသိပညာပေးနိုင်၊ နားလည် သဘောပေါက်အောင် လုပ်နိုင်ရင် အားလုံးကို
တားဆီးလို့ မရရင်တောင် တချို့သူတွေက ဆင်ခြင်သွားမယ်လို့ ယူဆမိပါတယ်။
ကြုံခဲ့ရတဲ့
ကိစ္စလေးတစ်ခုကို ပြန်ပြောရမယ်ဆိုရင် လုပ်ငန်းခွင် အစည်းအဝေးတွေမှာ ဆုံရလေ့ရှိတဲ့ မှတ်မှတ်ရရ
ရှိနေသူတစ်ဦး အကြောင်းကို ဥပမာ ပေးချင်ပါတယ်။
သူက
ကျွန်မကို အဲဒီလို ဆုံမိတိုင်း မျက်လုံး မလွှဲတမ်းကို ကြည့်တတ်ပါတယ်။ ကိုယ်က ပြန်ကြည့်လို့
သိတာလို့လဲ ပြောချင် ပြောလို့ ရပါတယ်။
အမျိုးသမီးတွေဆိုတာ
ဘယ်သူဘယ်လို ကြည့်ကြည့် မျက်လွှာချပြီး နေရမယ်လို့ အဆုံးအမတွေက ဆိုထားလေတာကိုး။
ဘာဖြစ်ဖြစ်
ကျွန်မတို့ အပြစ်တွေလို့ ယူဆရမလား။ သူ ကြည့်တဲ့ ပုံစံက " ဟယ် .. ငါ ချောလို့ ကြည့်တာပဲ
" ဆိုပြီး ဘဝင်ပဲ မြင့်ရတော့မလား၊ " ဟင် .. ဒီလောက်တောင် ကြည့်ရလားဟဲ့
" ဆိုပြီး ထရိုက်ရမလား ဆိုတဲ့ ပုံစံမျိုး။ တော်တော်လေးကို စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်။
တစ်ရက်မှာတော့
ကျွန်မတို့ အတူတူ တက်ရတဲ့ အစည်းအဝေး တစ်ခုမှာ လိင်မှုဆိုင်ရာ နှောက်ယှက်မှုနဲ့ ဆိုင်တဲ့
ပညာပေး ဗီဒီယိုလေး ကြည့်ရပါတယ်။ အဲဒီအချိန်က စပြီး သူ ကျွန်မကို ဘယ်နေရာမှာ တွေ့တွေ့
အရင်လို မကြည့်တော့ဘူး။ ဒါကြောင့် အသိပညာ ရှိသွားရင် အားလုံး မဟုတ်ပေမယ့် ဆင်ခြင်မယ့်
သူတွေ ရှိတယ်လို့ ယူဆမိတာပါ။ နောက်ဘလော့ဂ်ကျမှပဲ ကျွန်မ အလုပ်သင် ဆရာဝန် ဘဝမှာ ကြုံရ၊
ကြားရ၊ မြင်ရတဲ့ လိင်မှု ဆိုင်ရာ အနှောက်အယှက် ပေးမှုတွေ အကြောင်းကို ဆက်ရေးပါမယ်။
Friday, April 10, 2009




