12
Jun

STD လက္ခဏာများလား (အမေးအဖြေ)

မေး။    ။ နယ်မှာ မင်္ဂလာဆောင်တဲ့ ကျွန်တော့် သူငယ်ချင်းဆီကို သွားပြီးအပြန်မှာ ကျွန်တော် ၀မ်းတွေသွားပြီး အဖျား နည်းနည်း တက်ပါတယ်။ မင်္ဂလာပွဲမသွားခင်ကလည်း အိပ်ရေးတွေပျက်ထားလို့  ပင်ပန်း ထားပါတယ်။ အဲဒါနဲ့ ရန်ကုန်ပြန်ရောက်လို့ ဝမ်းသွားတဲ့ အကြောင်း ဆရာဝန်ကိုပြောပြတော့ ဆရာဝန်က သာမန်ရိုးရိုး မိုးတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလို့ ပြောပြီး ဆေးတွေ ပေးပါတယ်။ ကျွန်တော်က အစားတခု စားပြီးရင်း ဗိုက်ကြီးက ကယ်ပြီး လေလည်းမလည် တဂြီဂြီနဲ့ ဝမ်းထဲမှာ လေတွေ ရှိနေသလို ဖြစ်နေပါတယ်။ ၀မ်းသွားပြန်ရင်လည်း ၀မ်းနဲ့ ဆီးမကွဲလောက်အောင်ကို အရည်တွေတလဟော ကျပါတယ်။ အတိုပြောရရင် အဖျားလည်းပျောက် ၀မ်းသွားတာလည်း အတော်အသင့် ရပ်သွားပါတယ်။ ဆေးခန်း ၃ ရက် ပြပြီးနောက်မှာပါ။ ခုဝမ်းကတော့သွားရင် အရည်ပုံစံတော့ တချက်တချက် သွားနေပါသေးတယ်။ ဒါပေမယ့် ၀မ်းလျှောတဲ့ သူလို ခဏခဏ သွားတာမျိုးတော့ မရှိပါဘူး။ အစာစားပြီးရင် ငါများ ၀မ်းသွားမလား ဆိုတဲ့ စိုးရိမ်စိတ် ၀င်နေသလိုမျိုး ဖြစ်နေပါတယ်။

ဒီအထိက ဘာမှ မဖြစ်လောက်ဘူး ထင်ပေမယ့် ကျွန်တော် ၀မ်းက လုံးလုံးရပ်တယ်လို့ မဆိုနိုင်တဲ့ အချိန်မှာ မနေ့ ညက စွပ်ကျယ်နဲ့ နေတုန်း ချိုင်းအောက်နားက ယားလို့ ကုပ်လိုက်တာ။ အစင်းကြောင်း စမ်းမိတော့ ခါတိုင်းလိုပဲ တခုခုနဲ့ ခြစ်မိပြီး အရေပြားပြဲသွားလို့ ယားတယ်ထင်တာ သေချာကြည့်တော့ မဟုတ်ဘူး။ အစင်းကြောင်းက အရေပြားမပြဲပဲ တခုခု ကိုက်ထားသလို ယောင်သလိုမျိုး ဖြစ်နေတယ်။ ကျွန်တော်လည်း သဘက် မသန့်လို့ သော်လည်းကောင်း အကောင်ကိုက်လို့ သော်လည်းကောင်း ထင်ပြီး ညအိပ်ရာ ၀င်လိုက်ပါတယ်။

မနက်မိုးလင်းလို့ ရေးချိုးမယ်လုပ်တော့ အဲဒီနေရာကို စမ်းကြည့်တာ ရှိနေတုန်းပဲ။ ယားတော့ မယားဘူး။ ခါတိုင်း အကောင်ကိုက်ရင် ညအိပ်လိုက်လို့ မနက်ရောက် တာနဲ့ ပျောက်သွား တတ်တယ်။ ခုက ရှိနေတုန်းပဲ။ အဲဒါနဲ့ ရေချိုး ဆပ်ပြာတိုက်တော့ ဖင်ကို ပွတ်တာ အဖုတွေ့ တာနဲ့မှန်နဲ့ ကြည့်တော့ ၀က်ခြံဖုလို ထိပ်မှ ပြည်တည်နေတာတွေ့တယ်။ ကျွန်တော်လည်း လန့်ပြီး တခြားတဖက်ကို ကြည့်တော့ တခြား တဖက်မှာလည်း တဖုတွေ့ နေပြီ။ ပြည်တော့ မတည်ဘူး။ နာလည်း မနာသလို ယားလည်းမယားဘူး။ ခါတိုင်းတော့ ကျွန်တော်လည်း အဲဒီနေရာမှာ ၀က်ခြံ ပေါက်တတ်ပါတယ်။ ခု စိတ်ထဲမှာ တမျိုးဖြစ်နေမိတယ်။ နောက်တခုက ဖျားပြီးနောက်ပိုင်း ညညအိပ်ရင် တရေးနိုး ကျွန်တော် ချွေးတွေနဲ့  ရွှဲပြီး နိုးလာတတ်တယ်။

စိတ်ထဲ သိပ်မသင်္ကာဘူး။ တခုတော့ ရှိပါတယ်။ ကျွန်တော့် တိုက်ခန်းမှာ ကျွန်တော် တယောက်တည်းဆိုတော့ အခန်း အလုံပိတ်ပြီး အိပ်ပါတယ်။ ညက ချမ်းသယောင် ထင်လို့ပါ။ အခုတော့ဗျာ ကျွန်တော် အဲဒီ လက္ခဏာတွေ တွေးပြီး စိတ္တဇ ဖြစ်နေ မိတယ်။ အမှန်ပြောရမယ်ဆိုရင် ကျွန်တော် ကြောက်နေပါပြီ။ ဘယ်ဆေးခန်းမှာ ဘယ်လို သွားပြောပြီး ပြရမယ်မှန်းလည်း မသိဘူး။ ကျွန်တော်က အရင် ရည်းစား ရှိဖူးတဲ့ ကောင်မလေး တယောက်နဲ့ လွန်ခဲ့တဲ့ ၂ လလောက်က တော်တော် ကြာကြာ တွဲခဲ့ပါတယ်။ နောက်ပိုင်း သူနဲ့ ပြတ်လည်း တခြားကောင်မလေး တယောက်နဲ့ ထပ်တွေ့တယ်။ ပထမ တယောက်နဲ့ တုန်းက အကာအကွယ် မယူမိဘူး။ ကျွန်တော် တော်တော်ကြောက်နေတယ်ဗျာ။ ဘယ်လို လုပ်ရမယ်ဆိုတာ အကြံပေးပါဦး။

ရန်ကုန်မှာ ကျွန်တော် ဘယ်ဆေးခန်း သွားရင် ဆွေးနွေးတိုင်ပင်လို့ ရမလဲ။ ညွန်းပေး ကြပါဦး။ အခုတော့ ဆေးစစ်ချင်ပေမယ့် ဆရာဝန် လက်မှတ်မပါတော့ ဒီအတိုင်း ကျွန်တော် STD ရောဂါတွေ အကုန် စစ်ချင်တယ်လို့ ပြောဖို့လည်း မရဲဘူး။ ဆရာဝန် လက်မှတ်နဲ့ဆို ကျွန်တော် စာရွက် ပေးလိုက်ရုံမလား။ ကူညီ ပါဦးဗျာ။ ကျွန်တော် ဘယ်လိုမှ စိတ်မအေးဘူး။ ခုထိတော့ မောတာပန်းတာ မရှိပေမယ့် မနက် မိုးလင်းရင်တော့ ကျောရိုး အပေါ် ပခုံးနားက ညောင်းညာနေသလို ဖြစ်နေတယ်။

ဖြေ။    ။ အခုပြောပြပုံ အရတော့ မိတ်ဆွေက စိတ်ပူပန်မှု များနေတယ်လို့ ထင်ပါတယ်။ အဖုလေးတွေ ပေါက်တာကတော့ သာမန် အရေပြားရောဂါလို့ပဲ ယူဆလို့ ရပါတယ်။ မနာဘူး၊ မယားဘူး ဆိုတော့ ကာလသား ရောဂါဖြစ်နိုင်တဲ့ လက္ခဏာ နည်းပါတယ်။ ကာသသားရောဂါ အတော်များများကတော့ လိင်အင်္ဂါ အနီးတ၀ိုက်မှာ အနာဖြစ်ရင် နာတာ၊ ပြည်တည်တာ၊ အကြိတ်ပေါက်တာတွေ ဖြစ်တတ်ရုံမက ဆီးလမ်းကြောင်းမှာပါ ဆီးသွားရင် ပူတာ၊ နာတာ၊ ကြင်တာ၊ ပြည်တည် တာတွေ ဖြစ်တတ်ပါတယ်။

အခုပြောပြတဲ့ လက္ခဏာတွေက စိတ်ဖိစီးမှုနဲ့ ပိုဆိုင်မယ်လို့ ယူဆမိပါတယ်။ အိပ်ရေး ၀၀အိပ်ပြီး အာဟာရပြည့်တဲ့ အစားအသောက်တွေနဲ့ အတူ စိတ်ပြေလက်ပျောက် အပန်းဖြေတာမျိုးနဲ့တင် အဆင်ပြေနိုင်ပါတယ်။

မိန်းကလေးနဲ့ အတူတူ အကာကွယ်မပါပဲ နေမိလို့ စိတ်ညစ်နေတာ အတွက်တော့ တတ်ကျွမ်းတဲ့ ကျန်းမာရေး ၀န်ထမ်းနဲ့ တိုင်ပင်ဖို့ လိုပါတယ်။ ဒီအတွက် ဆက်သွယ်နိုင်တဲ့ ဆေးခန်း လိပ်စာတွေကို ကျနောတို့ ဟင်းမ် အင်တာနက် စာမျက်နှာမှာ ရှာဖွေနိင်ပါတယ် ခင်ဗျာ။ ကိုယ့်သဘောနဲ့ ကိုယ် သွေးစစ်တာထက် တက်ကျွမ်းတဲ့ သူတွေနဲ့ တိုင်ပင်ပြီးမှ သွေးစစ်တာကို လုပ်စေချင်ပါတယ်။ အခုလို စိတ်ပူပင်မှုမျိုး ထပ်မဖြစ်ရလေအောင် ကွန်ဒုံး သုံးဖို့လည်း တိုက်တွန်းပါရစေ။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top