မေး။ ။ CD4 count 600 ကျော် ဆိုရင် စိုးရိမ်ရတဲ့ထဲ ပါလာပြီလား သိချင်ပါတယ်။ ဆေးသောက်ချိန်တွေ မမှန်၊ ၁ နာရီ၊ ၂ နာရီလောက် နောက်ကျခဲ့ရင် ဘာဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ။
ဖြေ။ ။ စီဒီဖိုး ၃၅၀ အောက်ရောက်ရင် ခုခံအား တွေ ဆက်တိုက် ကျဆင်းတတ်လို့ စိုးရိမ်ရပါတယ်။ အခု ၆၀၀ ကျော်ဆိုတော့ မစိုးရိမ်ရပါဘူး။
ဆေးသောက်ချိန်နဲ့ ပက်သက်ပြီး ၁ နာရီ ၂ နာရီလွဲတာကို အမြဲ မဖြစ်စေချင်ပါဘူး။ ဖြစ်နိုင်ရင် နေ့စဉ် ပုံမှန် အချိန်တစ်ခု သတ်မှတ်ပြီး (ဥပမာ နာရီ နှိုးစက် alarm) သောက်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆေးတွေက ကိုယ်ထဲမှာ ၂၄ နာရီ လှည့်ပတ်အောင် ပြုပြင်ထားလို့ပါ။
ဆေးသောက်ချိန် မမှန်ရင် ဘာတွေဖြစ်တတ်လဲဆိုတော့ ဆေးရဲ့ အာနိသင် မထိရောက်တာမျိုး ဖြစ်တတ်ပါတယ်။ ဆိုလိုတာက ဆေးက HIV ပိုးမျိုးပွားတာကို မထိန်းနိုင်တာ ဖြစ်တတ်ပါတယ်။
မေး။ ။ ကာလသား ရောဂါနဲ့ အေစ့်ရောဂါ တူပါသလား။ ဘယ်လို ကွာခြားပါသလဲ။
ဖြေ။ ။ ကာလသားရောဂါ ဆိုသည်မှာ လိင်မှ တဆင့် ကူးစက်တတ်သော ရောဂါ အားလုံးကို ခေါ်ပါတယ်။ လိင်ဆက်ဆံခြင်းမှ ရတဲ့ ကူးစက်ရောဂါတွေကို ခေါ်တာပါ။ ဥပမာ- ဂနိုရီးယား၊ ဆစ်ဖလစ်၊ အသည်းရောင် အသားဝါ စီ၊ဘီ၊ အိတ်ခ်ျအိုင်ဗွီ စတာတွေပါ။ ဒီရောဂါတွေက ရောဂါအမျိုးအစားပေါ် မူတည်ပြီး လိင်အင်္ဂါ လမ်းကြောင်းမှာ အနာ၊ ယားနာ၊ အဖု၊ ဆီးကြင်ခြင်း၊ ပြည်ကျခြင်းစတာတွေနဲ့ လက္ခဏာပြတတ်ပါတယ်။
အေအိုင်ဒီအက်စ်ရောဂါဆိုတာ HIV ပိုး ကူးစက်ပြီး ကိုယ်ခန္ဓာအတွင်း ခုခံအားကျဆင်းတဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ကာလအတန်ကြာ ၀မ်းပျက်ခြင်း၊ ပိန်ခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ အကြိတ်များ ထွက်ခြင်း၊ စတာတွေပါ။ HIV ပိုးက လိင်က ကူးစက်ရင်တော့ ကာလသားရောဂါ စာရင်းထဲ ၀င်ပါတယ်။ ဒါပေမယ့် HIV ပိုးက တခြားနည်းတွေလည်း ကူးစက်ပါသေးတယ်။ ဥပမာ - သွးသွင်းခြင်း၊ ဆေးထိုးအပ် မျှဝေခြင်း၊ မိခင်မှ ကလေးသို့ကူးခြင်း။
အေအိုင်ဒီအက်စ်ရောဂါက HIV ဆိုတဲ့ virus ပိုးကြောင့် ဖြစ်တာပါ။ ကာသလားရောဂါက ဖြစ်စေတဲ့ ပိုးပေါင်းစုံရှိပါတယ်၊ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုး၊ ကပ်ပါးပိုး စသဖြင့် အမျိုးစုံပါတယ်။ အေအိုင်ဒီအက်စ် ရောဂါကို ပျောက်အောင် ကုလို့ မရသေးပါဘူး။ ကာလသားရောဂါတွေ မှာတော့ တစ်ချို့ကို အမြစ်ပြတ်အောင် ကုလို့ရပြီး တစ်ချို့ကတော့ ကုရာနတ္တိပါ။
ဒီနေရာမှာ တစ်ခု မှတ်စေချင်တာက ကာလသားရောဂါ ရှိနေတဲ့ လူတွေမှာ HIV ပိုး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ ဘာလို့လဲဆိုတော့ လိင်အင်္ဂါလမ်းကြောင်းမှာ အနာတွေရှိနေလို့ပါ။ ကွန်ဒုံးသုံးရင် HIV နဲ့ ကာလသားရောဂါတွေကို ကာကွယ်နိုင်ပါတယ်။
လမင်းကို




