28
Dec

TB ရောဂါ ကာကွယ်တိုက်ဖျက်ရေး နည်းလမ်းများ

TB (Tuberculosis) အဆုပ်နာရောဂါကြောင့် ကမ္ဘာမှာ
လူ နှစ်သန်း နီးပါး နှစ်စဉ်သေဆုံးနေရာမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ TB အဖြစ်
အများဆုံးနိုင်ငံထဲမှာတခု အပါအဝင် ဖြစ်နေပါသေးတယ်။ အဲဒီတော့ ဒီ TB
ကာကွယ်တိုက်ဖျက်ရေးမှာ ဘာတွေခက်ခဲနေပါသလဲ။ ဘာကြောင့် ခက်ခဲနေရပါ သလဲ။ လူနာတွေဖက်က
ဘယ်လို ဝိုင်းကူဖို့ လိုပါသလဲ။ ဒီအကြောင်းတွေကို ကိုဝင်းမင်း က မြန်မာ ပြည်ထဲမှာ
TB ကာကွယ်တိုက်ဖျက်ရေး လုပ်နေတဲ့ ကျွမ်းကျင်သူ ဒေါက်တာအေးယုစိုး ကို မေးမြန်း
တင်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်တွေတုန်းကတော့
ကမ္ဘာ့ AIDS နေ့နဲ့ တိုက်ဆိုင်နေတာမို့လို့ 
မြန်မာနိုင်ငံရဲ့ HIV/AIDS နဲ့ပတ်သက်တာတွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီတပါတ်မှာတော့ ကမ္ဘာပေါ်မှာ တီဘီရောဂါ အဖြစ်ဆုံး ဖွံ့ဖြိုးဆဲ နိုင်ငံတွေထဲမှာ
မြန်မာနိုင်ငံပါနေသေးတာမို့ ဒီတီဘီ အဆုတ်ရောဂါ အကြောင်းကို ကျွန်တော်တို့ ဆွေးနွေးသွားကြမှာပါ။

 

ကိုဝင်းမင်း ။  အဲဒီတော့
ဒေါက်တာအေးယုစိုးခင်ဗျာ မြန်မာနိုင်ငံမှာ တီဘီရောဂါနဲ့ပတ်သက်ပြီး အဓိကအကျဆုံး ဖြစ်နေတဲ့
အခက်ခဲဆိုရင် ဘာဖြစ်မလဲခင်ဗျာ။

 

ဒေါက်တာအေးယုစိုး ။       ပြောရမယ်ဆိုရင်တော့ တီဘီရောဂါလူနာတွေကို ရှာဖွေဖေါ်ထုတ်ပြီးတော့မှ
ဆေးကုသမှု ပေးနိုင်ဖို့က တကယ်တမ်းအခက်ခဲ ဆုံးပေါ့နော်။

 

ကိုဝင်းမင်း ။  ဟုတ်ကဲ့
ဒီလို တီဘီရောဂါရှိသူတွေကို ဖေါ်ထုတ်နိုင်ဖို့ ခက်ခဲစေတဲ့ အကြောင်းရင်း

တွေကရော
ဘာတွေရှိမယ်ထင်လဲ။

 

ဒေါက်တာအေးယုစိုး ။       အဓိက ကတော့ ပြည်နယ်နဲ့တိုင်းတွေပေါ့ ဝေးလံခေါင်းဖျားတဲ့ ဒေသတွေ
မှာ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲတော့ ဒီလို လူနာတွေဟာ တော်ရုံတန်ရုံ ရောဂါဖြစ်ရုံလောက်နဲ့
သူတို့ဟာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာန နော် ဒီမှာ လာပြဖို့ဆိုတာ မလွယ်ဘူးပေါ့၊ နံပါတ်
(၂) အခက်ခဲကကျတော့ ကျမတို့က ဘာသာစကားအခက်ခဲပေါ့ ဘာသာစကားမပေါက်တဲ့ အခါကြတော့ တချို့ဒေသတွေမှာ
တိုင်းရင်းသားတွေဟာ သူတို့ရဲ့ဘာသာစကားပဲနားလည်တယ်၊ အဲဒီတော့ မြန်မာ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်
နားမလည်တဲ့ အခါကျတော့ သူတို့ဆီကို ကျမတို့ပေးချင်တဲ့ ကျန်းမာရေးပညာပေး သတင်းအချက်လက်လေးတွေ၊
လက်ကမ်းစာစောင်လေးတွေ ဖြန့်ဝေဖို့နေရာ မှာတောင် အခက်ခဲအများကြီးရှိတယ်၊ အဲဒီတော့ သူတို့ရဲ့ဒေသခံပေါ့နော်
ကျန်းမာရေးသတင်းတွေ message တွေကိုပေါ့ ပြန်ပြီး ဖြန့်ဝေပေးနိုင်တဲ့ လူမျိုးရှိရင်တော့
အများကြီး လွယ်ကူသွားမှာပေါ့။

 

ကိုဝင်းမင်း ။  ဟုတ်ကဲ့
တတိယ အခက်ခဲရော ရှိနေသေးလား ဆရာမရေ။

 

ဒေါက်တာအေးယုစိုး ။       မြို့ပေါ်မှာလည်းပဲ စီးပွားရေး ကောင်းမွန်လာတဲ့အတွက်ကြောင့်မို့
လူတွေက ပြောင်းရွေ့ပြီးနေထိုင်လာကြတယ် အဲဒီအခါမှာ ဘာဖြစ်လာလဲဆိုတော့ လက်လှုပ်လက်စားနော်
ကျပန်းအလုပ်တွေ လုပ်ဆောင်နေကြရတဲ့ လူတွေကကြတော့ တနေ့တနေ့ စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရတဲ့
အခါကြတော့ တော်ရုံတန်ရုံ ကျန်းမာရေးဌာနကို ရောက်ဖို့ရာ မလွယ်ဘူး၊ ဘာဖြစ် လို့လဲဆိုတော့
များသောအားဖြင့်က ဒီကျန်းမာရေးဝန်ကြီးဌာနက ဖွင့်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေက ကြတော့
နေ့လည်ပိုင်းမှ ဖွင့်တယ်၊ ဒီ လက်လှုပ်လက်စားတွေကကြတော့ ညနေခင်းလောက်မှ အား တယ်နော် ဒီလို
လူတန်းစားတွေကိုလဲ ကျမတို့က ဒီအထဲမှာရှိနေတဲ့ တီဘီလူနာတွေကိုလည်း ထပ်ပြီး တော့ ရှာဖွေဖို့က
နောက်ထပ် အခက်ခဲတခုပေါ့။

 

ကိုဝင်းမင်း ။  ဟုတ်ကဲ့
တခြားအရေးကြီးတဲ့ အချက်ကော ရှိနေဦးမလား ဆရာမရေ။

 

ဒေါက်တာအေးယုစိုး ။       သူတို့မှာ ရောဂါဖြစ်လို့ ဖြစ်နေမှန်းလည်း တခါတလေ သူတို့ သတိမပြုမိတာ
လေးတွေလည်း ရှိတယ်၊ တော်ရုံတန်ရုံ ချောင်းဆိုးတာနဲ့ ဘယ်သူမှ ဆေးခန်းမပြသေးဘူး၊ ဆေးရုံ
မသွားသေးဘူး နဲနဲပါးပါး ဖျားတာလောက်ဆိုလဲ ဟို နည်းစပ်ရာ ဆေးမြီးတိုလေးတွေပဲ သောက်ပြီး
တော့ နေလိုက်ကြမှာပဲ၊ အဲတော့ တော်တော်လေးနဲ့ မှ မပျောက်လာတော့ဘူး လနဲ့ချီးလာပြီဆိုတဲ့
အချိန်လောက်ကြမှပဲ စပြီးတော့ ဆေးခန်းပြဖို့ဆိုတာ စပြီးတော့ စဉ်းစားကြတာလေ။

 

ကိုဝင်းမင်း ။  ဟုတ်ကဲ့
ဒါဆိုရင် ခုလိုအခက်ခဲတွေကြောင့် တီဘီရောဂါရှိတဲ့သူကို ကျွန်တော်တို့ အချိန်မှီရှာဖွေ
မဖေါ်ထုတ်နိုင်တဲ့အတွက် ဘယ်လိုမျိုး အကျိုးဆက်တွေ ခံစားရမလဲဆရာမရေ။

 

ဒေါက်တာအေးယုစိုး ။       အဲဒီတော့ ဒီအတွက်ကြောင့်မို့လို့ ဒီလိုရောဂါသည်တွေဟာ ကျန်းမာရေး
ဌာနတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ လာပြီဆိုတာနဲ့ တပြိုင်နက်ထဲ သူတို့ဟာ ရောဂါက တော်တော်လေး
ကို ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ အခြေနေလောက်ကြမှပဲ ရောက်တာများတယ်၊ အဲဒီတော့ ကုသတဲ့ အပိုင်း
မှာဆိုလို့ရှိရင်လည်း ပျောက်ကင်းဖို့အပိုင်းမှာ တော်တော်လေး ခက်ခဲတာပေါ့နော်၊ ပုံမှန်ဆိုရင်
ကျမတို့ ခြောက်လနဲ့ တီဘီဆေးကုလိုက်လို့ ပျောက်ပေမဲ့လို ဒီလို လူနာမျိုးကြတော့ ရှစ်လလည်းကုချင်
ကုရမယ်၊ တနှစ်လည်းဖြစ်ချင်ဖြစ်မယ်။

 

ကိုဝင်းမင်း ။  အခုလို
ဆိုးကျိုးတွေ မခံစားရအောင် အချိန်မှီသိနိုင်ဖို့မှာ ကျွန်တော်တို့ မသိလို့ ဖြစ်ရတာ
အတွက်တော့ ကျန်းမာရေးပညာပေးလို့ ဖြစ်နိုင်တာပေါ့နော်၊ အဲဒီတော့ မသိတဲ့ လူတွေ သိလာနိုင်အောင်
ရောဂါလက္ခဏာလေးတွေ ပြောပြပေးပါလား ဆရာမရေ။

 

ဒေါက်တာအေးယုစိုး ။       ဟုတ်ပါတယ် တီဘီရဲ့ ရောဂါလက္ခဏာတွေက ချောင်းဆိုးတယ် ဟုတ်လား၊ ချောင်းကို
ရက်ရှည်ဆိုးလာတယ် ဆိုလို့ရှိရင် ဒါ တီဘီရဲ့ရောဂါလက္ခဏာ တခုပေါ့၊ အဖျားလေး တငွေ့ငွေ့နဲ့ဖြစ်နေမယ်
ဒါမှမဟုတ်လဲ တချို့လည်း အဖျား တော်တော်ကြီးတာမျိုးတွေရှိတယ် ဒါပေမဲ့ သူက အဖျားက ပုံမှန် normal ကို လုံးဝမကျသွားဘူးပေါ့ ပုံမှန်မဖြစ်သွားဘူးပေါ့။ နောက် ငှက်ဖျား ဆိုလို့ရှိရင်
သူကတက်လာလိုက် အဖျားတက်လာလိုက် လုံးဝချွေးတွေထွက်သွားပြီး ပျောက်သွားလိုက် ပြီးရင်ပြန်တက်လိုက်
အဲလိုမျိုးရှိတယ်၊ နောက်တဖက်က ပြောမယ်ဆိုလို့ရှိရင်လည်း ကိုယ်အလေး ချိန်ကျတယ်၊ ပိန်လာမယ်၊
နောက်တခါ အကျိတ်လေးတွေဘာလေးတွေလဲ ထွက်လာတာမျိုးလေးတွေ ရှိနိုင်တယ်၊ ဟုတ်လား နောက်ညဖက်မှာ
ချွေးသီး၊ ချွေးပေါက်တွေထွက်တယ်၊ အဲ အဓိက ကတော့ ချောင်းဆိုးတာမှပဲ တီဘီဖြစ်တယ်လို့
မယူဆတော့ပဲ တခြားရောဂါ လက္ခဏာတွေ နည်းနည်းလေး ဖြစ် လာပြီဆိုရင် တီဘီဖြစ်နိုင်တယ်ဆိုတာကို
ထည့်ပြီးတော့ လူနာတွေ သတိပြုမိလာရင် ဒီထက်ပို့ပြီးတော့ ကျမထင်တယ် အဲ ချောင်းဆိုးတယ်
ဆိုတာတောင်မှ အခုချိန်မှာ နောက်ပိုင်းမှာ ကျမတို့ ပြောင်းလဲပြီး သတ်မှတ်ရမဲ့ အခြေနေမျိုးတောင်
ဖြစ်ချင်ဖြစ်လာနိုင်တယ် ချောင်းဆိုးတယ်ဆိုတာ အရင်ကလို သုံးပတ်ကြာချောင်းဆိုးနေမှ တီဘီဖြစ်တယ်လို့
ယူဆလို့ မရတော့ဘူး နည်းနည်းလေး ချောင်းဆိုး နေရင်လည်း ဒါဟာ တီဘီဖြစ်နိုင်တယ်ဆိုတာ ကျမတို့လို
ကမ္ဘာပေါ်မှာ တီဘီ အဖြစ်များဆုံးနိုင်ငံ ၂၂ နိုင်ငံထဲမှာ ကျမတို့နိုင်ငံကပါတယ်လေ ဒီလို
နိုင်ငံမျိုးမှာ ဆိုလို့ရှိရင် ကျမတို့က တီဘီရောဂါက လူတိုင်းမှာဖြစ်နိုင်တာပဲ။

 

ကိုဝင်းမင်း ။  ဟုတ်ကဲ့
လူတိုင်းဖြစ်နိုင်တယ်ဆိုတော့ ကူးဆက်နိုင်ပုံလေးကော ရှင်းပြလို့ရမလား ဆရာမရေ။

 

ဒေါက်တာအေးယုစိုး ။       တီဘီပိုးဆိုတာ သလိပ်ထဲမှာရှိတာ ဒီ တီဘီပိုးဟာဆိုလို့ရှိရင်
ဟုတ်လား ဒီလေထုထဲမှာ အမြဲတမ်းရှိနေတယ်၊ လေထုထဲမှာရှိနေတဲ့ အခါကျတော့ ကျမတို့က နိစ္စဓူဝ
လေကိုမရှူ ပဲနဲ့ နေလို့မရတဲ့ အခါကျတော့ လေရှူတယ်၊ ရှူတဲ့အခါမှာ တီဘီပိုးသည် လူတိုင်းကို
ကူးဆက်နိုင်တယ်။ သို့သော် ကျမတို့ ခန္ဓာကိုယ်မှာက ရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ အင်အားတွေရှိတယ်၊
အဲဒီတော့ တော်ရုံတန်ရုံ အဟာရပြည့်ဝအောင် စားနေတယ်၊ ကိုယ်ခံအားကောင်းနေတယ်ဆိုတဲ့ အချိန်မှာ
ဝင် သော်လည်းပဲ မကူးစက်ဘူးပေါ့ ဒါပေမဲ့လို့ အဲဒီလို အခြေနေမျိုးမရှိတဲ့ လူတွေကတော့
တဖြေးဖြေးနဲ့ တီဘီရောဂါပိုးက အနိုင်ရလာတာပေါ့၊ ရလာတဲ့အတွက်ကြောင့် အသက်ရှူရာကနေ တဆင့်ဝင်တဲ့
အတွက်ကြောင့် အဆုပ်ထဲကို ပထမဦးဆုံးအကြိမ်ရောက်တာ အဆုပ်ထဲမှာ ကျမတို့ဟာ တီဘီဖြစ်ဖို့
အရမ်းများပါတယ် ဒါပေမဲ့လို့ တခြားနေရာတွေမှာလည်း တီဘီက ဖြစ်နိုင်ပါတယ်။

 

ကိုဝင်းမင်း ။  ဟုတ်ကဲ့ ခုဏကပြောသလို လူတွေအများကြီး ဖြစ်နိုင်တဲ့
အထဲမှာ ဖြစ်နိုင်ခြေအများ ဆုံးရှိတဲ့ သူတွေကော ဆရာမ။

 

ဒေါက်တာအေးယုစိုး ။       ဒီဟာ ဒီရောဂါကတော့ ဆင်းရဲလို့ဖြစ်တဲ့ရောဂါပဲလို့
ကျမတို့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့နော် ဆင်းရဲလို့ဖြစ်တဲ့ ရောဂါဖြစ်တဲ့ အတွက်ကြောင့်မို့လို့
လူမှုအဆင့်အတန်း နိမ့်ကျနေ တဲ့လူတွေအားလုံးကတော့ ဖြစ်နိုင်ဖို့ အလားအလာ အများဆုံးရှိတာပေါ့
ဒီထဲကမှတခါ ခုဏကပြော သလို့ အဟာရပြည့်စုံအောင် မစားနိုင်တဲ့သူ ဒါလည်းဖြစ်နိုင်ချေများတာပေါ့
ဟုတ်လား လူနေထူထပ် တဲ့ နေရာမှာ နေနေရတဲ့သူ၊ နောက်တခါကျတော့ ကိုယ်ခံအားမကောင်းတဲ့လူတွေ၊
နောက်ကျန်းမာ ရေးအခြေနေညံ့တဲ့သူတွေ တခြားရောဂါတွေနဲ့တွဲပြီး ရှိနေတဲ့လူတွေ ဥပမာအားဖြင့်
HIV ရောဂါရှိတဲ့ လူနာတွေပေါ့ နောက်တခုကကြတော့ တီဘီရောဂါ မိသာစုထဲမှာ ရှိနေပြီဆိုရင်
အဲဒီမိသားစုဟာ ရောဂါကူးစက်နိုင်ဖို့က အန္တရယ် အများဆုံးပေါ့။ အဲဒီတော့ တီဘီရောဂါလူနာရှိပြီဆိုတာနဲ့
တပြိုက်နက် ထဲ သူ့တအိမ်သားလုံး တီဘီရောဂါရှိမရှိဆိုတာ စစ်ဆေးဖို့ အင်မတန် အရေးကြီးတယ်လို့
ဒါပေမဲ့ လက်ရှိအခြေနေမှာ ဆိုရင် ဒီလူနာတယောက်ပဲ ဆေးကုခံပြီးတော့ ဒီလူနာတယောက်ပဲ ဆေးစစ်တာ
များတယ် သူ့မိသားစုကပါ လိုက်ပြီးတော့ စစ်တယ်ဆိုတာ အင်မတန် နည်းနေသေးတယ်ပေါ့။

 

ကိုဝင်းမင်း ။  ဟုတ်ကဲ့ အခုလို ဖြစ်နိုင်ခြေများတဲ့သူတွေကို
ဆေးရုံကို အချိန်မှီ သွားရောက်အောင် ပေါ့နော် ဆရာမ ဘယ်လိုအကြံပေးရင် ကောင်းမလဲမသိဘူး။

 

ဒေါက်တာအေးယုစိုး ။       ဘယ်လို အကြံပေးရမလည်း ဆိုလို့ရှိရင်တော့နော်
လူတိုင်းလူတိုင်းဟာ ငါ တီဘီဖြစ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ် နားလည်ထားရမယ်။ ပြီးတော့
ဟုတ်လား နည်းနည်းလေး ချောင်းလေးဆိုးလာတာ ရက်လေးနည်းနည်းရှည်လာတယ် ဆိုလိုတာ ကျမဆိုလိုတာ
တပတ်အတွင်း မှာပဲဖြစ်ဖြစ် ချောင်ဆိုးရက်လေးရှည်လာပြီဆိုတာနဲ့ တပြိုက်နက်ထဲ ဒါဟာ တီဘီဖြစ်နိုင်ပါသလား
ဆိုတာ လူတိုင်းဟာ သတိပြုမိလာရမယ်နော်၊ နောက်တခါကျတော့ ဒီလိုမျိုးဖြစ်လာပြီ ဆိုလို့ရှိရင်
လည်း ကျမတို့ဟာ ဆေးရုံ၊ ဆေးခန်းတွေကို နည်းစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးသွား
ပြီးတော့ စစ်ဆေးမှု တီဘီ ဟုတ်မဟုတ် ရောဂါဟုတ်မဟုတ်ဆိုတာ စစ်ဆေးမှုခံယူမယ်ဆိုရင်တော့ ဒါအကောင်းဆုံးပေါ့နော်၊
နောက် ခုအခြေနေမှာ ကျမတို့ ဝမ်းသာစရာ သတင်းကကြတော့ ကျန်းမာ ရေးဝန်ကြီးဌာနက ဒီ အမျိုးသားတီဘီတိုက်ဖျက်ရေး
စီမံကိန်းမှာ တီဘီဆေးတွေဟာ အလုံအလောက် ရှိတယ်၊ တနိုင်ငံလုံးမှာ ရှိနေတဲ့ တီဘီလူနာတွေကို
အလကားပေးနိုင်တယ်၊ အခမဲ့ပေးနိုင်တဲ့ တီဘီ ဆေးတွေက အလုံအလောက်ရှိနေတယ်။ အဲဒီတော့ ရှိနေတဲ့
အပြင်ကို ပုဂ္ဂလိကဆေးခန်းတွေက လည်း မြန်မာနိုင်ငံဆရာဝန်အသင်းတို့ နောက်
International NGO တခုဖြစ်တဲ့ population services international အဲလို အဖွဲ့တွေနဲ့
ပေါင်းပြီးတော့မှ အကူညီပေးနေတဲ့ ဆေးခန်းတွေ အများ ကြီးရှိတယ်။ ဒါတွေဟာ အကုန်လုံးဟာ
အလကားပဲပေါ့၊ တီဘီ သလိပ်စစ်တာကော အဲဒါတွေအားလုံး က အကုန်လုံး အလကားကုလို့ရတယ်။ နောက်တခါ
တချို့အဖွဲ့အစည်းတွေဆိုရင် အဟာရထောက်ပံ့ မှုလေးတွေ ပေးတာလေးတွေရှိတယ်။ ဒီလို ခက်ခဲတဲ့
ချို့တည့်တဲ့ လူနာဆိုရင် သွားရေးလာရေး လွယ်ကူအောင်လို့ သွားလာစာရိတ်တွေ ထုပ်ပေးတာရှိတယ်။
တချို့တွေက လူနာကလိုအပ်လို့ ဓါတ် မှန်ရိုက်ရမယ် ဆိုလို့ရှိရင်လည်း ဓါတ်မှန်ဖိုးထောက်ပံ့ပေးတဲ့
အဖွဲ့အစည်းတွေရှိတယ်။ အဲဒီတော့ လူနာ တွေကိုယ်တိုင်က သတိပြုမိလာပြီးတော့ ဒီလိုအဖွဲ့စည်းမျိုးတွေက
ပေးနေတယ်၊ ကျန်းမာရေးဌာနမှာ အလကားရနေတယ်ဆိုတဲ့ message တွေသာ များများရောက်ပေးနိုင်မယ်ဆိုရင်
လူတွေက ပိုပြီး သတိပြုမိလာရင် ပိုပြီးတော့ ပြလာမှာပဲလေ အဲဒီတော့ အဲဒါဆိုရင်လုပ်ရကိုင်ရတာ
ပိုပြီးတော့ လွယ်ကူလာမယ်ပေါ့နော်။

 

ကိုဝင်းမင်း ။  ဟုတ်ကဲ့ ကျေးဇူးပါပဲ ဆရာမရေ အခုလို ဆေးစစ်ဖို့
နဲ့ ကုသဖို့အတွက် ဆေးရုံ၊ ဆေးခန်းတွေမှာ အလကားလုပ်ပေးနေတယ်၊ လမ်းစာရိတ်တွေလိုအပ်ရင်လည်း
အကူညီတွေပေးနေ တာဖြစ်တဲ့အတွက် တီဘီ အဆုပ်ရောဂါ ပိုးဝင်နိုင်သူ၊ တီဘီ ရောဂါဖြစ်နေသူတွေအနေနဲ့
အချိန် မဆိုင်းပဲ သက်ဆိုင်ရာတွေကို ဆက်သွယ်ပြီး၊ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်သွားကြဖို့
အကြံပြုရင်းနဲ့ ဒီတပတ် ကျန်းမာရေး ကဏ္ဍကို အဆုံးသတ်ပါရစေခင်ဗျာ။

ကိုဝင်းမင်း

 

ဒီဇင်ဘာ
၂၂၊ ၂၀၁၀

 

ဗွီအိုအေ
-
TB
ရောဂါ ကာကွယ်တိုက်ဖျက်ရေး နည်းလမ်းများ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top