အိတ်ခ်ျအိုင်ဗီရောဂါပိုးထပ်မံ မကူးစက်စေရန် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)၏ ကုသမှုလမ်းညွှန်ချက်အသစ်ကို ယခုနှစ်မှစ၍ ပြောင်းလဲကျင့်သုံးမည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် ငါးနှစ်တာ ကာလအတွင်း အိတ်ခ်ျအိုင်ဗီလူ နာတိုးလာသည့်အတွက် လူနာ ကုသရာတွင် အဓိကကျသော ပိုးကောင်ရေအဆင့် သတ်မှတ် ချက်တိုးမြှင့်ရေး၊ အိတ်ခ်ျအိုင်ဗီဖြစ်ပွားနေသူမှတစ်ဆင့် အခြားသူများထံ ရောဂါ ကူးစက်မှုများမဖြစ် ပေါ်စေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ကုသမှုလမ်းညွှန်ချက်အသစ် ကို ၂၀၁၅ မတ်လ ၉ ရက်တွင် ပြန်လည် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါကုသမှုလမ်းညွှန် ချက်အသစ်တွင် သွေးအတွင်းရှိ အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်ပိုးပမာဏ CD4 အရေအတွက် ၅၀၀ အောက် ရှိလူနာများအား အေအာရ်တီဆေး မဖြစ်မနေ သောက်သုံးရန်လိုအပ် ခြင်း၊ အိတ်ခ်ျအိုင်ဗီနှင့် တီဘီပူးတွဲ ခံစားနေရသူများက တီဘီဆေး အပြင် အေအာရ်တီဆေးအား နှစ် ပတ်ခြားတစ်ခါသောက်သုံးရန် လိုအပ်ခြင်းနှင့် ယင်းဆေးများကို စောစီးစွာသောက်သုံးရန်လိုအပ် ခြင်း စသည်ဖြင့် ပြောင်းလဲသတ် မှတ်ထားကြောင်း သိရသည်။
‘‘ဘာထူးခြားလဲဆိုတော့ အရင်တုန်းက CD4 အကောင်ရေ ၃၅၀ အောက်ကစပြီးပေးတယ်။ ဒီလို CD4 သိပ်နည်းတဲ့အခါမှာ စပြီး ဆေးပေးရင် ရောဂါကူးစက် မှုတွေများတယ်။ CD4 များတဲ့အချိန်ပေးမှ သူ့ရဲ့ရောဂါကို ထိန်းချုပ်နိုင်ပြီး တခြားသူတွေကို ကူးစက်မှုမရှိ အောင်လုပ်နိုင်မယ်’’ ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ခုခံ အားကျဆင်း/ကာလသားရောဂါတိုက်ဖျက်ရေးမှ အိတ်ခ်ျအိုင်ဗီ အထူးကုဆရာဝန်ကြီး ဒေါက်တာ မျိုးသန့်က ပြောသည်။
ယခုကဲ့သို့ လမ်းညွှန်ချက် အသစ်ပြောင်းလဲကျင့်သုံးခြင်းဖြင့် မြန်မာနိုင်ငံသည် HIV ရောဂါကို စောစီးစွာရှာဖွေကုသခွင့်ရခြင်းနှင့် ယင်းရောဂါမှတစ်ဆင့် ဖြစ်ပွားလာ မည့် ကူးစက်ရောဂါများကိုလည်း ကာကွယ်နိုင်မည့်အပြင် ကုသမှု များ၌ အကျိုးသက်ရောက်မှုနှင့် ထိရောက်မှုရှိလာမည်ဖြစ်သည်။
‘‘CD4 ဆိုတာ သွေးဖြူဥ အမျိုးအစားပဲ။ ဒီသွေးဖြူဥတွေ ကျဆင်းလာရင် လူနာကလည်း ခုခံအားကျဆင်းလာတတ်တယ်။ ပုံမှန်အတိုင်းဆိုရင် ၅၀၀ လောက် ပဲ။ ၂၀၀ အထိကျတော့ ကူးစက် ရောဂါတွေဖြစ်ပွားနိုင်တယ်။ ဒါ ကြောင့် မြန်မာနိုင်ငံနဲ့ သင့်လျော် မယ့် ဂိုက်လိုင်းအသစ်ပြန်လည် သတ်မှတ်ရခြင်းဖြစ်ပါတယ်’’ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
အရှေ့တောင်အာရှတွင် HIV ကူးစက်မှုဒဏ်ကို အပြင်းထန် ဆုံးခံစားနေရသော နိုင်ငံများထဲ ၌ မြန်မာနိုင်ငံ ပါဝင်နေပြီး လက်ရှိ မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗီရောဂါခံစားရသူ တစ်သိန်းကိုးသောင်းခန့်ရှိကာ အေအာရ်တီ ဆေးလိုအပ်နေသူ တစ်သိန်းနှစ် သောင်းကျော်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။
7 Day Daily - WHO က အိတ်ခ်ျအိုင်ဗီကုသမှု လမ်းညွှန်ချက်အသစ်ချမှတ်




