3
Aug

ကွန်ဒုံးဆောင်တာ တွေ့ရင် အားပေးရမယ့်ခေတ် ရောက်ပြီ



ဒေါ်မီးမီး(အမည်လွှဲ)
တစ်ယောက် သူမရဲ့ အိမ်နီးချင်းဆီ အပြေးအလွှား သွားတိုင်ပင်ပါတယ်။ ကိစ္စကတော့ အဝတ်လျှော်နေတုန်း
သူမသားရဲ့ ဂျင်းဘောင်းဘီ အိတ်ထဲမှာ ကွန်ဒုံး တွေ့လိုက်ရတဲ့ ကိစ္စပါ။ ကလေးငါးယောက် မွေးထားတဲ့
သူမက ဒီပစ္စည်းကို အခုမှ မြင်ဖူးပေမယ့် TV ကြော်ငြာတွေမှာ ခဏခဏလာနေတဲ့ တံဆိပ်ဆိုတော့
ဒါက ဘာလဲဆိုတာ သူမ ကောင်းကောင်း သိပါတယ်။

“ကျွန်မကသားလေးကို
ကလေးလို့ ထင်ထားတာ အခု သူက ဒီကိစ္စကို စိတ်ဝင်စားနေပြီ ဆိုတော့ အခု ပြောပြောနေကြတဲ့
HIV တို့ AIDS တို့ ဖြစ်မှာ ကြောက်တယ်။ သူ့အဖေရော ကျွန်မရော စိုးရိမ်နေကြတယ်။ ဒီကိစ္စနဲ့
ပတ်သက်ပြီး သူကိုလည်း မမေးရဲ မဆူရဲဘူး” လို့ သူမက ဆိုပါတယ်။

ဒေါ်မီးမီးအနေနဲ့
သူမစိုးရိမ်နေတဲ့သားကလေးဟာ အသက် ၁၇ နှစ် ကျော်လို့ ၁၈ နှစ်ထဲ ဝင်နေပြီးဖြစ်တဲ့ အရွယ်ရောက်ပြီး
ကောင်လေးတစ်ယောက် ဖြစ်နေပါပြီ။ သဘာဝတရားကို မလွန်ဆန်နိုင်တဲ့ အလျှောက်ယောကျာ်းလေး တစ်ယောက်အနေနဲ့
သူ့သဘာဝ အလျှောက် အချိန်တန်ရင် စူးစမ်းချင်တဲ့စိတ်၊ သွေးသားဆန္ဒအရ ဖြစ်ပေါ်လာတဲ့အပြောင်းအလဲကို
ရုတ်တရက် မိခင်တစ်ယောက်အနေနဲ့ လက်ခံဖို့က ဒေါ်မီးမီးတို့လို မိခင်တချို့ စိုးတထိတ်ထိတ်နဲ့
ပူပင်သောက ရောက်စေပါတယ်။

“Sex
ကိစ္စတွေ ကွန်ဒုံးသုံးတဲ့ ကိစ္စတွေ မိဘတွေက ရှက်စရာကိစ္စကြီးလို သဘောထားနေကြတယ်။ ဒါဟာလွန်ခဲ့တဲ့
နှစ် ၃၀ အထိမှန်တယ်။ အဲဒီမှန်တယ်လို့ ထင်ခဲ့တဲ့ အရာတောင်မှ တကယ်တော့ မှားပါတယ်။ မိဘဖြစ်တဲ့အတွက်
ကိုယ့်သားသမီး ဒူးပြဲနဖူးပြဲ ဖြစ်မှာ ကြောက်ကြတာပဲ။ ဒါတွေက တကယ့်တော့ ဘာမှ ဖြစ်တာ မဟုတ်ဘူး။
ကလေးတွေက မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်လို့ အသိပညာ မရှိတော့မှ ရောဂါ ကူးစက်ခံရရင်
သွားပြီ။ ကိုယ့်သားသမီးမှာ ကွန်ဒုံးတွေ့တဲ့ အတွက် မိဘတွေ အနေနဲ့ ဒီကိစ္စကို ရှက်စရာ၊
စိုးရိမ်စရာမလိုပါဘူး” ဟု လူငယ်များအတွက် မျိုးဆက်ပွား ကျန်းမာရေး အသိတွေစာအုပ်များ
ရေးသားနေတဲ့ အတ္တကျော်က ဆိုပါတယ်။

ကွန်ဒုံးသုံးစွဲခြင်း
အလေ့အထသည် ယခုနောက်ပိုင်း လူငယ်များကြား တိုးတက်လာခဲ့သော်လည်း မြန်မာ့ လူ့အဖွဲ့အစည်းအနေနဲ့
မိဘနဲ့ သားသမီးကြားတွင် အဆိုပါ မျိုးဆက်ပွား ကျန်းမာရေး အသိပညာများ၊ ကွန်ဒုံးသုံးစွဲတဲ့
အသိပညာများအပေါ် ပွင့်လင်းစွာ ပြောဆိုဆွေးနွေး အသိပေး တိုင်ပင်မှုများ အားနည်းလျက် ရှိနေသေးတာကို
တွေ့ရတယ်။

“ခေတ်က
နည်းနည်းတော့ ပြောင်းလာပါပြီး ကျေးလက်ထက် မြို့ပြမှာ ပိုပြောင်းလာတယ်။ ဘယ်လိုပဲ ပြောင်းလာလာ
ကျွန်တော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ဓလေ့ထုံးစံအရ အခုထိ ကွန်ဒုံးနဲ့ ပတ်သက်ပြီး
ပြဿနာ တက်နေတုန်းပဲ။ မိဘနဲ့ သားသမီးကြား ပြဿနာ ရှိတုန်းပဲ။ အထူးသဖြင့် မိန်းကလေးတွေမှာ
တွေ့ရင် ပိုဆိုးတတ်တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး မိဘတွေကိုလည်း နားလည် ပေးကြပါလို့ ပြောချင်တယ်။
ကျွန်တော်တို့က ခေတ်အနေနဲ့ ဖြစ်သင့်တယ်။ လက်ခံသင့်တယ်လို့ ပြောခဲ့တယ်။ ပြောလည်းပြောတုန်းပဲ။
ဒါပေမယ့် မိဘသည် မိဘဖြစ်တဲ့အတွက် လူကြီးသည် လူကြီးဖြစ်တဲ့အတွက် သူတို့ အမြင်နဲ့ လက်ခံမှာ
မဟုတ်ဘူး။ အဲဒီတော့ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ရိုးသွားအောင် လုပ်ရမယ်
အခုလက်မခံတော့ နောက်ဆုံး အခုလူကြီးခေတ်ကုန်သွားတဲ့ အချိန်ရောက်ရင် အများလက်ခံလာကြမှာပါ”
ဟု မြန်မာ့လူ့အဖွဲ့အစည်းတွင် ကွန်ဒုံးသုံးစွဲခြင်းနဲ့ ပတ်သက်၍ မာရီစတုပ်စ် အင်တာနေရှင်နယ်မှ
ဒေါက်တာ စစ်နိုင်ကပြောပါတယ်။

ကမ္ဘာပေါ်တွင်
ယနေ့အထိ အမြစ်ပြတ်အောင် မကုသနိုင်သေးတဲ့၊ စမ်းသပ်နေဆဲ ဖြစ်သော်လည်း ထိရောက်တဲ့ ကာကွယ်ဆေး
မပေါ်သေးတဲ့ HIV ပိုးဟာ ကူးစက်မှု လေးနည်း (မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ မသန့်တဲ့ သွေးသွင်းမိခြင်း၊
မိခင်မှ ကလေးကူးစက်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ခြင်း) ထဲမှ လိင်မှတစ်ဆင့် ကူးစက်နည်းသည်
အများဆုံးဖြစ်ပြီး အဆိုပါလိင်မှတစ်ဆင့် ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် ကွန်ဒုံးသည် အဓိက
ကာကွယ်ပေးသော ပစ္စည်း ဖြစ်တယ်။ ကွန်ဒုံးက HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဘီပိုးနဲ့
ကာလသား ရောဂါများ ကိုလည်း ကာကွယ်ပေး ပါတယ်။ ကွန်ဒုံးကို အဖွဲ့အစည်းတချို့က အခမဲ့ ပေးဝေနေသည်များ
ရှိသလို အခကြေးငွေဖြင့် ဈေးသက်သာတဲ့ ပစ္စည်းများလည်း ရောင်းချနေကြတယ်။ ယခင်က ကွန်ဒုံးသုံးစွဲခြင်းကို
ထင်ထင်ပေါ်ပေါ် မဟုတ်ဘဲ လျှို့ဝှက်၍သာ ရောင်းချ သုံးစွဲကြသော်လည်း ယခုအခါ ကွမ်းယာဆိုင်များ
ဆေးဆိုင်များတွင် ပွင့်ပွင့်လင်းလင်း ရောင်းချ လာကြတာကို တွေ့ရတယ်။

“အရင်တုန်းက
ကွန်ဒုံးလာဝယ်တဲ့ လူတွေက တိုးတိုးတိတ်တိတ်နဲ့ ရှက်သလိုလို လျှို့ဝှက်တဲ့ ပုံစံနဲ့ လာဝယ်ကြတယ်။
ကျွန်တော်တို့လည်း တိုးတိုးတိတ်တိတ်ပဲ ရောင်းချကြတယ်။ အခုတောာ့ ဆိုင်ပေါ်မှာပဲ ထင်ထင်ပေါ်ပေါ်
ရောင်းချတယ်။ လာဝယ်တဲ့ လူတွေကလည်း အရင်လို မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပဲ လာဝယ်ကြတယ်။

ကွန်ဒုံးတွေက
တံဆိပ်အမျိုးမျိုး ရှိပေမယ့် အဖော်ပဲ အသိများတယ်။ ကျွန်တော်တို့ကလည်း အဖော်ပဲ ရောင်းတာများတယ်”
ဟု မင်္ဂလာဒုံမြို့နယ် ကွမ်းယာဆိုင်တွင် ကွန်ဒုံးများရောင်းချနေသူ တစ်ဦးက ဆိုတယ်။

“လူငယ်တွေအချင်းချင်း
ကြားမှာ ခေတ်ပြောင်းလာတဲ့အတွက် ကွန်ဒုံးကို ဆေးဝါးတစ်မျိုးလို လက်ခံ လာကြတယ်။ ဒါပေမယ့်
နောက်ကြ ပြောင်ကြတာ အထင်လွဲတာစတဲ့ ပြဿနာတော့ ရှိတုန်းပဲ။ ဂျပန်မှာ အဲဒီပြဿနာ လုံးဝမရှိဘူး။
ဂျပန်ဟာ ကမ္ဘာပေါ်မှာ ကွန်ဒုံး အသုံးဆုံး တိုင်းပြည် ဖြစ်တယ်။ ထိုင်းမှာကျတော့ ပြည့်တန်ဆာ
လုပ်ငန်းမှာ မဖြစ်မနေ သုံးဖို့လုပ်တာ အအောင်မြင် လွန်သွားတော့ ကွန်ဒုံးဟာ ပြည့်တန်ဆာ
လုပ်ငန်းမှာပဲ သုံးသလို ဖြစ်သွားကြတယ်။ သမီးရည်းစာမှာ မသုံးဘူး။ အဲဒီတော့ သမီးရည်းစားကြားက
HIV ကူးတာ များနေတယ်။ ပြည့်တန်ဆာ လုပ်ငန်းမှာပဲ သုံးတဲ့အရာလို့ မြင်သွားတော့ သမီးရည်းစားကြားမှာ
ကွန်ဒုံး မသုံးအပ်တဲ့ အရာလို့ ထင်သွားကြတယ်။ “အဖော်” ကွန်ဒုံးဆိုလည်း ကြော်ငြာတာ လိုအပ်တာထက်
အောင်မြင်လွန်းသွားပြီး တစ်မျိုး ဖြစ်လာနိုင်တယ်။ ဒီလိုလုပ်တဲ့အတွက် အကျိုးမရှိဘူးလို့
ပြောတာ မဟုတ်ဘူး။ အကျိုးရှိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲမှာတောင် ကွန်ဒုံးလို့ မသုံးဘဲ
အဖော်ဆိုပြီး ပြတ်လုံးထုတ်တဲ့ အထိဖြစ်လာတယ်။ ဈေးကွက်ထဲမှာ အခြားတံဆိပ်တွေ ရှိပေမယ့်
ကွန်ဒုံးဆို အဖော်လို့ပဲ မြင်ကြတော့တယ်။ အဖော်ကို ကွန်ဒုံး သုံးလာအောင် ကြိုးပမ်းခဲ့တာ
အအောင်မြင်လွန်ပြီး အဖော်ဆိုတာ အပျော်အပါးအတွက် သုံးတဲ့ ပစ္စည်းလို မြင်သွားနိုင်တယ်”
ဟု ဒေါက်တာစစ်နိုင်က ဆိုသည်။

မြန်မာနိုင်ငံအနေနဲ့
ကွန်ဒုံးသုံးစွဲခြင်းကို ကြော်ငြာပိုစတာ ဇာတ်လမ်းတိုများ နာမည်ကြီး Celebrities များဖြင့်
လှုံ့ဆော်တိုက်တွန်း နေကြသည်ကို တွေ့ရတယ်။ ကွန်ဒုံးတွင် brand အမျိုးမျိုးရှိပြီး တံဆိပ်မပါတဲ့
ကွန်ဒုံးတချို့ကိုလည်း သုံးစွဲနိုင်ကြောင်း ဒေါက်တာစစ်နိုင်က ဆိုတယ်။

ကွန်ဒုံးသုံးစွဲခြင်းဟာ
တွင်ကျယ်လာပြီ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ တံဆိပ်ကို ရွေးချယ်ပြီး အရည်အသွေး ပြည့်မီတဲ့
ကွန်ဒုံးများကိုလည်း ဝယ်ယူသုံးစွဲဖို့လိုကြောင်း ၎င်းက ဆိုတယ်။

“အခုအချိန်မှာ
ယောက်ျားလေး တစ်ယောက်ယောက်ရဲ့ ဘောင်းဘီ အိတ်ကပ်ထဲမှာ ကွန်ဒုံးတွေ့ရင် အားပေးရမယ့်၊
ပုံမှန်လို့ လက်ခံ သဘောထားရမယ့် ခေတ်ရောက်နေပါပြီ။ မကောင်းမြင်တဲ့ခေတ် မဟုတ်တော့ပါဘူး။
ဒီကောင်လေး သတိရှိတဲ့ ကောင်လေးလို့တောင် ပြောရမှာပါ။ မိဘတွေ အနေနဲ့လည်း ကိုယ့်သားသမီး
မျိုးဆက်ပွားအသိနဲ့ ပတ်သတ်ပြီး လိုအပ်တာ သိချင်တာ တွေကို မှန်မှန်ကန်ကန် ပြောပြဖို့အတွက်
အသိပညာ ဗဟုသုတ ရှိသင့်ကြောင်း၊ မိဘတချို့ စာဖတ်တဲ့ အလေ့အကျင့်များ ပိုမိုရှိသင့်ကြောင်း
ဆရာအတ္တကျော်က ပြောပါတယ်။ ကွန်ဒုံးက သင့်ကို ကာကွယ်ပေးနိုင်သလို သင့်မိသားစု အသိုင်းအဝိုင်းကိုလည်း
ကာကွယ်ပေးတဲ့ ပစ္စည်းဖြစ်တဲ့ အတွက် အခုအချိန်မှာ ပွင့်ပွင့်လင်းလင်းနဲ့ ဝယ်ယူသုံးစွဲသင့်တဲ့
အချိန် ရောက်နေပြီ။ မိဘနဲ့ သားသမီးများကြား တွင်လည်း ကွန်ဒုံးသုံးစွဲခြင်းနဲ့ ပတ်သက်၍
အမြင်များ ပြောင်းလဲသင့်နေပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

အေးအေးဇင်၊ ကျော်စိုးလင်း

 ၂၇ ဧပြီ ၂၀၁၀ (အတွဲ ၂၊ အမှတ် ၃၅) (စာမျက်နှာ ၁၅)

True News
- ကွန်ဒုံးဆောင်တာ တွေ့ရင် အားပေးရမယ့်ခေတ် ရောက်ပြီ

Comments

  1. Anonymous says:

    အော်ဟုတ်လား။ နင့်နှမအိပ်ထဲမှာတွေ့ ရင်ကော...၊

Leave a Reply to Anonymous Cancel reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top