9
Sep

ခုခံအားကျရောဂါ ( အမေး၊ အဖြေ)

ကျွန်တော်
HIV/ AIDS
ခုခံအားကျဆင်းမှု ရောဂါနဲ့ပတ်သက်ပြီး
မေးပါရစေ။ ဒီနေ့ကမ္ဘာမှာ ရောဂါပိုးကူးစက်ခံထားရသူ
ဘယ်လောက်ရှိနေပြီလဲ ခင်ဗျာ။

      ၂၀၀၄
ခုနှစ်၊ ဒီဇင်ဘာလ အထိ ကမ္ဘာမှာ
HIV ဗိုင်းရပ်စ် ကူးစက်ခံထားရသူ
၄၂ သန်းခန့် ရှိနေပြီ ဖြစ်ပါတယ်။
AIDS ရောဂါကြောင့် သေဆုံးခဲ့သူပေါင်းလည်း
၂၁ သန်းမျှ ရှိသွားခဲ့ပါပြီ။
 

ကျွန်တော်တို့
မြန်မာနိုင်ငံမှာရော ဆရာ။

      ကျွန်တော်တို့
မြန်မာနိုင်ငံမှာ အခြားနိုင်ငံတွေနဲ့
နှိုင်းစာရင် တော်တော် နည်းပါတယ်။
၂၀၀၃ ခုနှစ် မတ်လအထိ HIV ကူးစက်ခံရသူ
၄၅၀၀၀ (လေးသောင်းငါးထောင်)
ခန့်ရှိတယ်လို့ သိရပါတယ်။ 
AIDS ကြောင့်သေဆုံးသူ ခုနစ်ထောင်
နီးပါး ရှိပါတယ်။
 

HIV ပိုးကူးစက်ခံရပြီးတဲ့နောက်
ဘယ်လောက်ကြာမှ စစ်ဆေးသိရှိနိုင်ပါသလဲ
ဆရာ။

      HIV
ဗိုင်းရပ်စ်ပိုးရဲ့ ရောဂါပျိုးချိန်ဟာ
သုံးပတ်မှ သုံးလအထိ ကြာပါတယ်။
အဲဒါကို ဆေးပညာမှာ  Window Period
လို့ခေါ်ပါတယ်။ ဒါကြောင့်
တစ်ယောက်နဲ့တစ်ယောက်အတွက်
မတူပါဘူး။ အနည်းဆုံးတော့
သုံးပတ်ကျော်ကြာမှ သိနိုင်မှာ
ဖြစ်ပါတယ်။
 

အကယ်၍ တစ်ကြိမ်စစ်လို့
Negative အဖြေရရင် စိတ်ချရပြီလားဆရာ၊
ဆက်စစ်ရဦးမှာလား။

      တစ်ကြိမ်စစ်လို့
Negative ဖြစ်ရုံနဲ့ HIV ဗိုင်းရပ်စ်
ကူးစက်မခံရဘူးလို့ မပြောနိုင်သေးပါဘူး။
ဒါကြောင့် ဆက်လက်စစ်ဆေးဖို့
လိုအပ်ပါတယ်။ False Negative ဆိုတာမျိုးတွေ
ရှိနိုင်ပါတယ်။ အမှန်တကယ်
ရောဂါပိုး ရှိနေသော်လည်း
အဖြေမှာ Negative ဖြစ်သွားနိုင်ပါတယ်။
 

ဘယ်လိုအခြေအနေမျိုးမှာ
False Negative ဆိုတာမျိုး ဖြစ်နိုင်ပါသလဲ
ခင်ဗျာ။

      စောစောကပြောခဲ့တဲ့
Window Period ရောဂါပျိုးချိန်ကာလ၊
ရောဂါပိုးအသစ်ဖြစ်နေခြင်း၊
ရောဂါအခြေအနေ အပြင်းထန်ဆုံးအချိန်၊
သွေးမှာ ဂါမာလိုဗျူလင် (Agammaglobulinaemia)
မရှိခြင်းရောဂါ၊ ခန္ဓာကိုယ်ရဲ့
မူမမှန်သော တုံ့ပြန်မှု၊ သွေးစစ်ရာမှာ
လွဲမှားနိုင်မှုများ။ ယခု
ကျွန်တော်ပြောခဲ့တဲ့ အခြေအနေတွေမှာ
ရောဂါပိုးရှိပါရင် Negative အဖြေ
ထွက်နိုင်ပါတယ်။
 

HIV ကူးစက်ခံရကြောင်း
သွေးမစစ်ဘဲ အခြားတစ်ခုခုကို
စစ်ဆေးပြီးရော သိနိုင်ပါသလား
ဆရာ။

      အဓိကတော့
သွေးစစ်တာများပါတယ်။ တံတွေးတို့၊
ဆီးတို့ စစ်ဆေးခြင်းဖြင့်လည်း
သိနိုင်တယ်လို့ ဆိုပါတယ်။
 

HIV ကူးစက်ခံရပြီး
AIDS ရောဂါ အဆင့်ရောက်သွားခဲ့ရင်
နောက်ထပ် အသက်ဘယ်လောက်ကြာကြာ
ရှင်သန်နေထိုင်
နိုင်ပါသလဲ သိပါရစေ။

      AIDS
ဝေဒနာရှင် တစ်ဦးဟာ ဆေးဝါးကုသမှု
တစ်စုံတစ်ရာ ခံယူမှု မရှိခဲ့ရင်
ပျမ်းမျှအားဖြင့် သက်တမ်း
တစ်နှစ်သာ နေသွားနိုင်ပါတယ်။
ဆေးဝါးများနဲ့ ထိရောက်စွာ
ကုသခံယူသွားနိုင်မယ်ဆိုရင်
နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်
ရပ်တည် သွားနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်
အခြေအနေ အရပ်ရပ်အပေါ် မူတည်ပြီး
ကွဲပြားနိုင်ပါတယ်။ အနေအထိုင်
အစားအသောက်၊ ခန္ဓာကိုယ် ခုခံအား
အခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ
ကြံ့ခိုင်မှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။
ရောဂါပိုး အနည်းအများနဲ့
သွေးဖြူဥ တစ်မျိုးဖြစ်တဲ့
CD4 အရေအတွက် အပေါ်မှာလည်း မူတည်ပါတယ်။
 

ဆရာပြောလိုက်တဲ့
CD4 ဆိုတာက။

      CD4
ဆိုတာ ကျွန်တော်ပြောခဲ့သလို
သွေးဖြူဥ တစ်မျိုးပါပဲ။ သွေးဖြူဥ
အမျိုးအစား ငါးမျိုးရှိပါတယ်။
နျူးထရိုဖီးလ် (Neutrophil) အီအိုစင်နိုဖီိးလ်
(Eosinophil) ဘေဆိုဖီးလ်(Basophil) မိုနိုဆိုက်
(Monocyte) နဲ့ လင်ဖိုဆိုက် (Lymphocyte)
တို့ပါ။ CD4 ဆိုတာ လင်ဖိုဆိုက်
အုပ်စုဝင် ဖြစ်ပါတယ်။ တီဖိုး
(T4) ဆဲလ်လို့လည်း ခေါ်ကြပါတယ်။
ခုခံစွမ်းအား စနစ်အတွက် အရေးကြီးဆုံး
တိုက်စစ်မှူး လို့ ဆိုနိုင်ပါတယ်။
 

CD4 နဲ့  HIV/ AIDS
ရောဂါ ပတ်သက်ပုံကိုလည်း ရှင်းပြပေးပါဦးဆရာ။

      HIV
ဗိုင်းရပ်စ်ပိုးဟာ CD4 ဆဲလ်များကို
ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့်
HIV ရောဂါရဲ့ အတိမ်အနက်ကို CD4
အရေအတွက်နဲ့ သိနိုင်ပါတယ်။
လူသာမာန်တစ်ယောက်အတွက် CD4
အရေအတွက်ဟာ ၈၀၀ မှ ၁၀၀၀ ကုဗမီလီမီတာ
ဖြစ်ပါတယ်။
 

CD4 အရေအတွက်ရဲ့
အရေးကြီးမှုလေးတွေကရော ဆရာ။

      HIV/
AIDS ရောဂါဟာ ဘယ်လောက် ပြင်းထန်ဆိုးရွားတယ်ဆိုတာ
တစ်နည်းအားဖြင့် ရောဂါရဲ့
အတိမ်အနက်ကို CD4 နဲ့ပြောနိုင်တယ်။
နောက်ပြီး ရောဂါ ကုသရာမှာ
တိုးတက်မှု ရှိ မရှိ သိချင်ရင်လည်း
CD4 နဲ့ပဲ သိနိုင်ပါတယ်။ အလွယ်ဆုံး
ပြောရရင်တော့ CD4 နည်းရင်မကောင်းဘူး။
ရောဂါအခြေအနေဆိုးတယ်။ သက်သာပျောက်ကင်းမှု
မရှိဘူးပေါ့။ CD4 နည်းရာ ကနေ
မြင့်တက်လာရင်တော့ ကောင်းတဲ့
လက္ခဏာ တစ်ခုလို့ ပြောနိုင်ပါတယ်။
ဆေးပညာရှင်များကိုယ်တိုင်
လူနာကို ဆေးဝါးများနဲ့ ကုသတော့မယ်ဆိုရင်
CD4 အရေအတွက် စစ်ဆေးပြီးမှ ဆုံးဖြတ်တတ်ကြပါတယ်။
 


ကျွန်မနဲ့ ကျွန်မခင်ပွန်းမှာ
HIV ဗိုင်းရပ်စ်ပိုးရှိပါတယ်။
HIV Positive ပါ။ ဆက်ဆံရာမှာ ကွန်ဒုံး
သုံးကြပါတယ်။ သားသမီး မယူကြဖို့လည်း
ဆုံးဖြတ်ထားပါတယ်။ ကွန်ဒုံးသုံးရုံနဲ့
လုံလောက်ပါသလားရှင့်။

      အကောင်းဆုံးကတော့
ကွန်ဒုံးလည်းသုံး၊ အခြား
သန္ဓေတားနည်းကိုလည်း သုံးသင့်ပါတယ်။
သုံးလခံ သန္ဓေတား ဆေး မှန်မှန်ထိုးသင့်ပါတယ်။
ကွန်ဒုံးက အတိုင်းအတာ တစ်ခုအထိ
ရောဂါကူးစက်မှုကို ကာကွယ်နိုင်ပြီး
သန္ဓေတားနည်း တစ်မျိုးလည်း
ဖြစ်ပါတယ်။ ဒါပေမဲ့ ရာနှုန်းပြည့်
မဟုတ်လေတော့ သုံးလခံ သန္ဓေတားဆေးပါ
ထိုးထားရင် ပိုပြီး ကောင်းပါ
တယ်။ ဆေးထိုးထားပြီးလို့
ကွန်ဒုံးမသုံးဘဲလည်း မနေပါနဲ့။
နှစ်မျိုးစလုံး လုပ်ဆောင်ပါလို့
အကြံပေးချင်ပါတယ်။
 


(၂၀၀၉ ခု စက်တင်ဘာလ
(၉) ရက်နေ့ထုတ် Family Health ဂျာနယ်)
 
 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top