Q: ကျွန်မအသက် ၂၂ ပါ။ ချစ်သူနဲ့ တခါတရံ အတူနေပါတယ်။ ၁ နှစ်လောက်တော့ရှိပါပြီ။ အကာအကွယ်မပါဘဲ နေမိတိုင်း အဖြူအဖတ်လေးတွေ ဆင်းတတ်ပါတယ်။ မနေတာကြာရင် ပြန်ပျောက်သွားပါတယ်။ အခုတစ်ခါ နေပြီးတော့ ရာသီ လာသလို အရောင်မဟုတ်ဘဲ နီကျင်ကျင်အရည်နဲနဲ ဆင်းလာလို့ သားအိမ်ခေါင်း ကင်ဆာ ဖြစ်မှာ အရမ်း ကြောက်ပါတယ်။ ဘယ်လို ဆက်လက်ကုသသင့်ပါသလဲရှင့်။
A: အဖြူဆင်းတာက ယားသလား။ အဖြူဖတ်ဆိုတာနဲ့ အဖြူရည် မတူပါ။ မတူတာ နဲ့ ယား-မယားတွေ ရှိပေမဲ့ ဖြစ်စေတတ်တဲ့ ပိုးမတူလို့သာ ကွဲပြားတယ်။ လိင်လမ်းက ကူးစက်တာတွေသာဖြစ်ဘို့များတယ်။ ဆေးကုရတာလဲ သိပ်မကွာခြားလှပါ။ အများဆုံးဖြစ်နိုင်တဲ့ ၅ မျိုးကို ရေးပါရစေ။
၁။ Chlamydial infection (ကလင်ဒါမိုင်စင်) မွေးလမ်းကြောင်းရောင်ခြင်း
STD/STI ရောဂါတွေထဲမှာ Chlamydia trachomatis က အဖြစ်အများဆုံးပါ။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ တချို့ အဖြူဆင်းမယ်။ လိင်ဆက်ဆံပြီးချိန် သွေးနဲနဲဆင်းမယ်။ တချို့မှာ ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်း အင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ ပိုးရှိနေပေမဲ့ လက္ခဏာ မပြသူတွေ ရှိတယ်။ အသက် ၃ဝ အောက် အဖြစ်များတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖက် များသူတွေမှာ ဖြစ်တယ်။
• Azithromycin 1 Gm သောက်ပါ။ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။ ဒါမှမဟုတ်
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။ ဒါမှမဟုတ်
• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊ ဒါမှမဟုတ်
• Ofloxacin = 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။
၂။ Gonorrhea ဂနိုးရီးယား
ဒုတိယအများဆုံး STD/STI ဖြစ်တယ်။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ် ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။
• Cefixime 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone 125 mg IM ထိုးပါ။ ဒါမှမဟုတ်
• Ciprofloxacin 500 mg သောက်ပါ။ ဒါမှမဟုတ်
• Ofloxacin 400 mg သောက်ပြီး Azithromycin 1 g ဒါမှမဟုတ် Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက် နဲ့တွဲပါ။
၃။ Yeast infection (Candidiasis) (Monilia, Thrush) (ရိစ်) ကြောင့် မွေးလမ်းကြောင်းရောင်ခြင်း
အဖြူရောင် ပျစ်တဲ့ (ချိစ်) လို ဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။
• Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ ဒါမှမဟုတ်
• Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။ ဒါမှမဟုတ်
• Clotrimazole vaginal tablet မွေးလမ်းထဲ 100 mg ၆ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။ ဒါမှမဟုတ်
• Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။
၎။ Bacterial Vaginosis (Hemophilus, Gardnerella) ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်း ရောင်ခြင်း
ခပ်ကျဲကျဲ၊ ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲ အဖြစ် (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ် ရောင်တာ၊ သားအိမ်ရောင်တာ ဖြစ်စေမယ်။
• Metronidazole 500 mg တနေ့ ၂ ကြိမ် ၇ ရက်၊ ဒါမှမဟုတ်
• Metronidazole 2 g တခါတည်းသောက်။ ဒါမှမဟုတ်
• Clindamycin cream 2% ညအချိန်၊ ၇ ရက်ထည့်ပါ။ ဒါမှမဟုတ်
• Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။
၅။ Chancroid (ရှိန်ကာရွိုက်) သားအိမ်အဝ အနာ
STD/STI လိင်ကတဆင့် ကူးစက်ရောဂါ အနာဖြစ်တယ်။ အနာရဲ့ နုတ်ခမ်းသား မညီမညာဖြစ်မယ်။ အခြေက ခပ်မွဲမွဲ အရောင်ရှိမယ်။ ထိရင်နာမယ်။ လိင်အင်္ဂါမှာ အနာ-အကြိတ် ပေါ်မယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ် ၇ ရက်သောက်ပါ။
မိန်းကလေးဟာ အတူနေဘက် ယောက်ျားလေး ရှိနေရာက ဖြစ်တာဆိုရင်၊ သူကနေကိုယ့်ကို ကိုယ်ကနေသူ့ကို အပြန် အလှန် ကူးစက်နိုင်တယ်။ ဒါကြောင့် (၁) နှစ်ယောက်လုံး တပြိုင်နက်တည်း ဆေးကုသပါ။ (၂) အကာအကွယ် မပါဘဲ အတူမနေပါနဲ့။ (၃) အဲလို ခဏခဏမဖြစ်အောင် သတိထားပါ။ မဟုတ်ရင် တချိန်မှာ တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာ နိုင်တယ်။ နာတာရှည်သာ အဲလိုဖြစ်လာရင် ကလေးမရတာအထိ ဖြစ်သွားနိုင်တယ်။
တွဲဖတ်နိုင်တာတွေရှိပါတယ်။
1. Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-discharge.html
2. Vaginal infections မွေးလမ်းကြောင်း ပိုးဝင်ခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/vaginal-infections.html
3. Vaginal itching မိန်းမကိုယ် ယားခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/vaginal-itching.html တွေကိုဖတ်နိုင်ပါတယ်။
ကျန်းမာ-ချမ်းသာပါစေ။
ဒေါက်တာတင့်ဆွေ (၆-၆-၂ဝ၁၂)




