2
Dec

မြန်မာအတွက် ARTဆေး အလှူ လျော့ကျနိုင်

ချင်းမိုင်(မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံရှိ HIV နှင့် အသက်ရှင်နေထိုင်သူ ခုနှစ်သောင်းကျော် ART (HIV ပိုးထိန်းချုပ်ဆေး) လိုအပ်နေချိန် ART ဆေးအတွက် လာမည့်နှစ်များအတွင်း နိုင်ငံတကာမှ အကူအညီပေးမှုများ လျော့နည်း သွားနိုင်သည်ဟု ဗြိတိန်အခြေစိုက် Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံကို ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ ၂၀၁၁၊ ၂၀၁၅ အတွင်း HIV/AIDS ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၅၁.၉၆ သန်း ကူညီရန် လျာထားသော်လည်း ထိုပမာဏမှာ ၂၀၁၃ ခုနှစ်အတွင်း လျော့ကျသွားနိုင်သည်ဟု ဆိုသည်။

“ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် အလှူရှင်တွေလည်း တော်တော်ဒုက္ခများနေတယ်၊ အဲဒီအတွက်ကြောင့် ရန်ပုံငွေ ရရှိနိုင်မှု နည်းနည်း နည်းလာလိမ့်မယ်။ အဲဒီအခါမှာတော့ ဘယ်လိုမျိုး ဒီဆေး ရရှိရေးအတွက် အလှူရှင်တွေကိုပဲ အားမကိုးဘဲနဲ့ ဘယ်လိုမျိုး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြမလဲဆိုတာကို နေရာတိုင်း အဆင့်တိုင်းက စဉ်းစားကြိုးစား ရမယ့်အချိန်ကို ရောက်လာနေပါပြီ။” ဟု ဒေါက်တာ စစ်နိုင်က မဇ္ဈိမကို ပြောသည်။

၂၀၁၁၊ ၂၀၁၂ အတွက် မြန်မာနိုင်ငံကို ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ HIV/AIDS ကာကွယ်ရေးအတွက် ကူညီမှုမှာ အမေရိကန်ဒေါ်လာ ၂၁.၃၈ သန်းရှိကြောင်းလည်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံရှိ HIV နှင့် အသက်ရှင် နေထိုင်သူတို့အတွက် ART ဆေးရရှိသူမှာ သုံးသောင်းသာရှိပြီး ၇၆,၀၀၀ ခန့် ART ဆေး လိုအပ်နေသည်ဟု UNAIDS ၏ အင်တာနက် စာမျက်နှာတွင် ဇူလိုင်လအတွင်းက ဖေါ်ပြထားသည်။ မြန်မာနိုင်ငံတွင် HIV နှင့် အသက်ရှင်နေထိုင်သူ ၂၃၆,၀၀၀ ရှိနေကြောင်းလည်း UNAIDS က ဖေါ်ပြသည်။

ART ဆေးလိုအပ်နေသည့် ထို ခုနှစ်သောင်းကျော် HIV နှင့် အသက်ရှင်နေထိုင်သူတို့မှာ ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းများ၊ အာဟာရရှိ အစားအစာများ စားသောက်ခြင်းဖြင့် ကျန်းမာအောင် နေထိုင်ကြရသည်ဟုလည်း ဒေါက်တာ စစ်နိုင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ တောင်ဒဂုံနှင့် မြောက်ဒဂုံတို့တွင် HIV ဂေဟာ ဖွင့်လှစ်ကာ HIV နှင့် အသက်ရှင်နေထိုင်သူ ၂၀၀ ကျော် ကို အကူအညီပေးနေသည့် HIV ဂေဟာမှူး၊ NLD လူငယ် ကိုရာဇာကလည်း ART ဆေးရရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိက အလှူရှင်များအပေါ် မှီခိုနေရသည်ဟု မဇ္ဈိမကို ပြောသည်။

ART ဆေး သောက်သုံးရန် တလအတွက် ကုန်ကျစရိတ်မှာ သုံးသောင်းခန့်ရှိနိုင်ပြီး၊ ART ဆေး အပါအဝင် အခြား တွဲဖက်ဆေးများ သောက်သုံးရန် လိုအပ်သည့် HIV နှင့် အသက်ရှင် နေထိုင်သူအနေဖြင့် တလအတွက် ဆေးဖိုး သုံးသိန်းခန့် ကုန်ကျနိုင်သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင် HIV နှင့် အသက်ရှင်နေထိုင်သူ ၂၄၀၀,၀၀၀ ခန့်ရှိနေသည့်အနက် လိင်အလုပ်သမများမှာ ၁၁.၂ ရာခိုင်နှုန်း၊ မူးယစ်ဆေးသုံးစွဲသူ ၃၄.၆ ရာခိုင်နှုန်း၊ လိင်တူ ဆက်ဆံသူ ၂၂.၃ ရာခိုင်နှုန်း အသီးသီး ရှိနေသည်ဟု UNAIDS က ဖေါ်ပြသည်။

အစိုးရအနေဖြင့် HIV နှင့် အသက်ရှင် နေထိုင်သူတို့အတွက် အစိုးရမှ ကုသမှုနည်းစနစ်နှင့် ပညာရှင်တို့၏ လုပ်အား မျှသာ အကူအညီပေးနိုင်သေးသည်ဟု ဒေါက်တာစစ်နိုင်က ပြောသည်။

“GO (အစိုးရ) ဘက်ကတော့ ပညာရှင်တွေ၊ သမားတော်တွေ၊ ပညာရှင်တွေ၊ သူနာပြုတွေ အဲဒါတွေတော့ GO ဘက်က ပါဝင်ပံ့ပိုးမှုပေါ့။ လုပ်အား ပညာအားပေါ့ အဲဒီအပိုင်းကို အဓိက ပြောရမှာ” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရအနေဖြင့် ကျန်းမာရေး အသုံးစရိတ် နှစ်စဉ် ကျပ်ငွေ သန်း ၈,၀၀၀ လိုအပ်နေရာ ကျန်းမာရေး ဝန်ကြီး ဌာနမှ ရငွေမှာ ကျပ်ငွေ သန်း ၃,၅၀၀ သာ ရရှိကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်က လွှတ်တော် တွင် ဖြေကြားဖူးသည်။

ကြာသတေးနေ့တွင် ကျရောက်သည့် ကမ္ဘာ့ AIDS နေ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးစိုက်ရာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ အမှာစကား ပြောကြားခဲ့သည်ဟု လည်းသိရသည်။

အခမ်းအနားသို့ HIV/AIDS နှင့် အသက်ရှင်နေထိုင်သူ ၂၀၀ ကျော်နှင့် တေးသံရှင်များဖြစ်သည့် စံလင်း၊ ကိုရဲလွင်၊ လင်းလင်း၊ ချစ်သူ့ဝေတို့ အပါအဝင် ဧည့်ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့သည်ဟု NLD လူငယ် ကိုရာဇာက မဇ္ဈိမကို ပြောသည်။

ကမ္ဘာ့ AIDS နေ့ အခမ်းအနားများကို ကျောက်ပန်းတောင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ မိတ္ထီလာ မြို့များရှိ NLD ရုံးများတွင် ကျင်းပကြကြောင်းလည်း သိရသည်။

မဇ္ဈိမ - မြန်မာအတွက် ARTဆေး အလှူ လျော့ကျနိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top