(ကမ္ဘာ့
AIDS နေ့ ၊ မဲဆောက်၊ ဝတ္ထုတို ပြိုင်ပွဲမှာ ပထမဆုရ ဝတ္ထုတို)
အချိန်နှင့်
ဒီရေသည် လူကိုမစောင့်ပါတဲ့
ကျွန်တော်ကတော့
အချိန်တခုကို စောင့်စားရင်း ဘဝတပြင်လုံးကို ငြိမ့်ညောင်းလွန်းသော ဒီလှိုင်းများ တစစတိုက်စားခြင်း
ခံခဲ့ရသူပါ …
ဒု..
ချပ်..ချပ် .. ဒု … ဒု… ချပ် တင့်တင့် …တင့်တင့်
"ဟင်း
…… လာပြန်ပြီ ဒီဖုန်း"
ဖုန်းလေးတစ်လုံး
အလှူခံမိပါတယ် အရင်ဖုန်းပိုင်ရှင် ကိစ္စတွေချည်း ဖြေရှင်းနေရတယ် လူနာကိစ္စ၊ ဆေးကိစ္စ၊
အကြွေးကိစ္စ သြော်…သူက ဆေးမှူး တစ်ယောက်ပဲလေ ဒီလောက်တော့ ရှိမှာပေါ့။
"ဟဲလို"
"ဟဲလို
ဆရာလားဟင်"
ထင်သားပဲ။
"ဆရာ
.. ကျွန်မဝတ်ရည်ပါ.. ဆရာ camp ထဲ သွားမယ် သတင်းကြားလို့ အဲဒါ"
ဟော…
ခက်ပြီ သူမပြောချင်တာတွေသာ ဆက်ပြောနေသည်။
ကိုယ်ကလည်း
ပြောနေကျ စကားပဲ ပြောရမည်။
"
ဟဲလို…. ဦးဇင်းက ဆရာမြင့်သန်း မဟုတ်ဘူးဗျ။ သူ camp ထဲသွားပြီ။ ဦးဇင်းကို ဒီဖုန်းလှူသွားတာ။"
"ရှင်…
ဆောရီးနော်… အဲ … ကန်တော့ ကန်တော့"
"အေး
… အေး… ရပါတယ်"
"ဦးဇင်းက
ဘယ်ကျောင်းကလဲဟင်"
"
…… ကျောင်းကပါ"
မဲဆောက်မှာ
အလုပ်လုပ်နေတဲ့ ဒကာ၊ ဒကာမတွေ ပင့်လို့ အလည်လာရင်း ဒီကမြန်မာပြည်သားတွေရဲ့
အခက်အခဲမျိုးစုံကို ကိုယ်တွေ့မြင်ရတော့ သူတို့အတွက် တစုံတခုတော့ ကူညီပေးနိုင်ကောင်းပါရဲ့လို့
ဆိုပြီး နေလာလိုက်တာ ဘာလိုလိုနဲ့ နှစ်နှစ်တောင် ကျော်လာပါပေကော။ ဦးဇင်းတို့
မြန်မာပြည်သားတွေကလည်း ဘာသာ၊ သာသနာဆို သိပ်ယုံကြည် အားကိုးကြတာကိုးဗျ။ ကြည့်လေ…
မဲဆောက် ပတ်ဝန်းကျင်က စက်ရုံက အလုပ်သမားတွေ တစ်လမှတခါ ရှားရှားပါးပါးရတဲ့
အားလပ်ရက်တွေမှာဆို နီးစပ်ရာဘုရား သွားကြ၊ ဘုန်ကြီးကျောင်းသွားကြ၊ ရက်ကြီး၊ အခါကြီး
တွေဆိုလည်း ဘုန်းကြီးကျောင်းမှာပဲ အလှူအတန်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြနဲ့။ တချို့ဆို
မင်္ဂလာဆောင်ရင်တောင် ဘုန်းကြီးကျောင်းမှာ ဆောင်ကြတာ။ ရဲဖမ်းလည်း ဘုန်းကြီးကျောင်းထဲ၊
ဘုရားထဲ ပြေးဝင်တာပဲ။ အလုပ်ပြုတ်လည်း ဘုန်းကြီးကျောင်းပဲ။ ဒီတော့ ထိုင်း ဘုန်းကြီးကျောင်းတွေမှာ
မြန်မာဘုန်းကြီးတွေရှိတာ သူတို့အတွက် အားတခုပဲလေ...။ ကိုယ်လည်း ဒီဘဝမှာ
တမဂ်တဖိုလ် မရမယ့်အတူတူတော့ ရွာအမှု ဘုန်းကြီးပတ်တယ်ပဲ ပြောပြော။ ပြည်သူတွေရဲ့ အခက်အခဲကို
သက်ဆိုင်ရာ မြန်မာအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး တတ်နိုင်သလောက် ဖြေရှင်းပေးနေရတယ်.. ဒီလိုနဲ့ပဲ အဖွဲ့အစည်းက လူတွေနဲ့ ရင်းနှီးနေတာ ကျန်းမာရေးအဖွဲ့ တဖွဲ့က
ဆေးမှူးမြင့်သန်းဆိုရင် ဒကာရင်း ဆရာရင်းကို ဖြစ်လို့ … ဟိုတလောကတော့ ဘာစိတ်ပေါက်တယ်
မသိဘူး…. camp ထဲ ဝင်တော့မယ်ဆိုပြီး သူကိုင်နေကျ i-mobile ဖုန်းလေး လာလှူသွားပြီး
ပြန်ကို ပေါ်မလာတော့ဘူး။
အဲဒီဖုန်းဟာ
ဦးဇင်းရဲ့ဘဝကို တဆစ်ချိုး ဆွဲကွေ့လိုက်မယ်ဆိုတာ … အချိန်က ည (၁၀) နာရီ (၁၀) မိနစ်
ဖုန်းထဲက မျိုးကြီးရဲ့ “အပြာရောင် ချစ်ည” သီချင်း ထမြည်လာတယ်။ အိပ်မပျော် သေးတာနဲ့
ခေါင်းအုံးဘေးက ဖုန်းကိုအသာစမ်းပြီး ယူလိုက်တယ်… လက်ထဲအရောက်မှာပဲ ဖုန်းက ပြန်ကျသွား
တယ်….. missed call
ဘယ်သူ ပါလိမ့်ဆိုတဲ့အသိနဲ့ ဖွင့်ကြည့်မိတော့ Wityi ဝတ်ရည်… ကြားဖူးသလိုလိုတော့
ရှိသားပဲလို့ တွေးကြည့်တယ်။
သြော်
… မနေ့က ဒကာမလေး …….
ဖုန်းကို
ခေါင်းအုံးဘေး အသာပြန်ချ လိုက်တယ်… မကြာပါဘူး…… နောက်တခါ ဖုန်းပြန်မြည် လာတယ်….
missed call……. ဖွင့်ကြည့်မိတော့ သူမပါပဲ ဝတ်ရည်… ခက်ပြီ … ဒီတစ်ကြိမ်တော့
ဖုန်းကို လက်ကမချဘဲ ကိုင်ထားလိုက်တယ်… မျှော်လင့် ထားသလိုပဲ ဖုန်းပြန်မြည်လာတယ်…
ဒီတခါတော့ သူဖုန်းမချခင် ကိုယ်က ဦးအောင် ခလုတ်အစိမ်းလေးကို နှိပ်လိုက်တယ်။
"ဟဲလို"
"…………………………….."
ပြန်ထူးသံမကြား။
"ဟဲလို
ဘာကိစ္စရှိလို့လဲ" လို့ မေးတော့မှ"
ဟဲလို
ဟို.. ဟိုလေ…. ဖုန်းဖရီးခေါ် လုပ်ထားတာ ဆက်လို့ရလားလို့ အဲဒါစမ်းကြည့်တာ"
"သြော်"
"ဟို…
ဘုန်းဘုန်း အိပ်ပြီလားဟင်း … အဲ… အိပ်တာကို ဘယ်လိုပြောလဲ မသိဘူး…."
"ကျိန်းတယ်လို့
ပြောတယ်"။ ဒါတောင် မေ့နေသေးတယ်"
သြော်….
ကျိန်းနေပြီလားဟင်.. ကန်တော့နော်"
"အေးအေး….
ကျိန်းတော့ မကျိန်းသေးဘူး…. ကျိန်းမလို့ လုပ်တုန်းပဲ"
"ရှင်…
ကျိန်းမလို့ လုပ်တုန်း…. ဘာလုပ်နေတာလဲ … ဟိ ဟိ"
"အဲ
"
ဒုက္ခပဲ
ဒီဒကာမလေးနဲ့တော့။ ဖုန်းကို ပိတ်လိုက်တယ်။ စိတ်က မတင်မကျနဲ့မို့ တော်တော်နဲ့
အိပ်မပျော်ခဲ့ဘူး။ အဲ… ကျိန်းလို့ မပျော်ခဲ့ဘူး … အဲဒီညက အိပ်မက်ထဲမှာ မဟူရာနတ်သမီးတစ်ယောက်
ဦးဇင်းရဲ့ တံခါးကို လာခေါက်သွားခဲ့ တယ်။
အခုတလော
စိတ်တွေက မတည်ကြည်။ ယောက်ယက်ခတ်နေသည်။ နှစ်ပေါင်း နှစ်ဆယ်နီးပါး ဝတ်လာတဲ့
သင်္ကန်းကပဲ ယားလာသလိုလို ပူလာသလိုလို နေ့စဉ်ပြုလုပ်နေကျ ဘုရားဝတ်တက်၊ မေတ္တာပို့၊ ပုတီးစိပ်၊
တရားထိုင်ခြင်း ကိစ္စတို့မှာ သမာဓိမရ။ တခုခုဆီ အာရုံရောက်ရောက် နေသလိုလို။ ညညဆိုရင်
တိုင်ကပ်နာရီကိုသာ ခဏခဏ မော်ကြည့်မိနေသည်။ ၁၀ နာရီထိုးတာနဲ့ နှလုံးခုန်နှုန်းတွေ
ကစဥ့်ကလျား…
ဘုရား……
ဘုရား……..
၁၀
နာရီ ၁၀ မိနစ်
ဝတ္တရားတခုလို
သံစဉ်များကို စီးနင်းရင်း သူမလာနေပြန်ပါပြီ……..။
အလို….ဘာဖြစ်လို့များ
ငါ့လက်တွေက ဖုန်းကို ကိုင်မိလျက်သား ဖြစ်နေပါလိမ့်….။
"ဟဲ….ဟဲလို"
အသံတွေက
မတည်ငြိမ်။
"ဘုန်းဘုန်းလားဟင်…
ဘာဖြစ်နေတာလဲ…နေမကောင်းလို့လား….. "
ကျေးဇူးပြုပြီး
စကားတွေကို ဒီထက် မချိုသာပါနဲ့တော့ မိန်းကလေးရယ်။
"…………………………….."
"ဘုန်း..ဘုန်း
နေမကောင်းလို့လားလို့ ဒီကစိုးရိမ်လို့ မေးနေတာ"
"ဟို
… ဟို ကောင်းပါတယ်"
"ဟင့်အင်း…
မယုံဘူး….. ဆေးတိုက်မယ်.. ပါးစပ်ဟ"
"ဗျာ"
ဦးဇင်းရင်ထဲက
နှလုံးသားတွေ ကဆုန်စိုင်းကုန်ပြီ မိန်းကလေးရေ………
"ဒါပဲနော်….
မနက်ဖြန်ကျရင် လာကြည့်မယ်… စိတ်မချဘူး"
သေချာပါသည်။
နှစ်ပေါင်းများစွာ ကြိုးစားပိတ်ဆို့ထားသော ကျွန်ုပ်၏ နှလုံးသားမြို့ရိုးများကို
ချိုမြရှတသော အသံလှိုင်း လေများဖြင့် သူမ ချိုးဖောက်ဖျက်ဆီး ခဲ့လေသည်။ တယုတယ
ပြုစုပျိုးထောင်ထားသော အာရုံများကို သူမတစစနှင့် ရိတ်သိမ်း နေခဲ့သည်။
ဒီအတိုင်းသာဆိုရင်
သာသနာ့ဘောင်မှာ ဆက်နေနေ၍ မဖြစ်နိုင်တော့ တခုခုကို ဆုံးဖြတ်ဖို့လို လာပြီ။ သူမကို
ဖွင့်ပြောတိုင်ပင်တော့ အလွယ်ကလေးပင် သူမက အစီအစဉ်အားလုံးကို တပတ်အတွင်းနှင့်
အပြီးဆွဲ လိုက်နိုင်သည်။ ကျွန်ုပ်ဦးဇင်း ဦးဝိမလဘဝမှ ကိုဝင်းမြင့်ဘဝသို့ ရောက်ရှိခဲ့သည်။
ဂျင်းဘောင်းဘီ တပတ်နွမ်း အင်္ကျီလက်ရှည် second hand နှင့် ဦးဇင်းကို အဲလေ
ကျွန်တော့်ကို သူမက "လူမင်းနဲ့ တူတယ်" တဲ့၊ သူမကတော့ ကိုယ်လုံးသေးသေး အရပ်က
မနှိမ့်မမြင့် အသားအရေက ရှေးခေတ်သီချင်းထဲကလို ညိုပြာညက် ကိုယ်ကြပ် အင်္ကျီ အကြားနဲ့
စကပ်ရှည်အနက်ရောင် ဘေးကွဲနဲ့ သူမကို ဘယ်သူနဲ့ တူလဲမေးတော့ ကျွန်တော် မဖြေတတ်၊
တကယ်ပါ ဒီခေတ်မင်းသမီးများနဲ့ မော်ဒယ်များကို နာမည်တချို့သာ ကြားဖူးပြီး
ဘယ်သူ့ကိုမှမသိ၊ သူမနှုတ်ခမ်း စူလာသည်၊ သူမနှုတ်ခမ်းနီကိုတော့ အမြဲဆိုးလေ့ရှိသည်။
ဒါ့ကြောင့် ကျွန်တော်က သတိရပြီး ပြောလိုက်သည်။ "ရွှေဂဲနဲ့တူတယ်" သူမက ကျွန်တော့်
ရင်ဘတ်ကြီးကို သူ့လက်သီး သေးသေးလေးတွေနဲ့ ဖွဖွလေး ထုလိုက်တယ်။ ကျွန်တော့်ရင်ထဲမှာ
ပန်းကြွေတွေနဲ့ စမ်းရေတွေ ရောပြွမ်း စီးဆင်းလို့ …. ခင်ဗျားတို့ ကြားဖူးလား
ယောက်ျားတစ်ယောက်ရဲ့ ဘဝမှာ အပျော်ဆုံးနေ့ (၃) နေ့ ရှိတယ်တဲ့။ ထောင်ကလွတ်တဲ့နေ့၊
ရှင်လိင်ပြန်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ ကျွန်တော်ကတော့ အဲဒီ (၃) နေ့ထဲက ထောင်က လွတ်တဲ့နေ့ကိုဖယ်ပြီး
ကျန်တဲ့နေ့ (၂) နေ့ကို တပြိုင်နက်တည်း ရလိုက်တာ၊ ကျွန်တော့ရဲ့ မင်္ဂလာဦးညကတော့
သူမစီစဉ်ထားတဲ့ မယ်တောင်က တောင်ယာတဲလေးမှာ။ မင်္ဂလာ ကြိုးတာသူ မရှိ၊ ခဲဖိုးတောင်းသူ
မရှိ၊ ငြိမ်းချမ်းလှပါဘိ။ အဲဒီညက မှတ်မှတ်ရရ ကျွန်တော့ ဘဝရဲ့ ပထမဦးဆုံးည။ ဖုန်းထဲက
ကျွန်တော်တို့ရဲ့ အချစ်သင်္ကေတ သံစဉ်ဖြစ်တဲ့ မျိုးကြီးရဲ့ အပြာရောင်ည
သီချင်းကိုဖွင့်ရင်း အပြုံးနဲ့ မှေးစက်လို့ ကာမရေယာဉ်ကြောမှာ အစုန်လိုက်လေး လူးလွန့်မျောပါ
လိုက်ကြတယ်….
ဘာ့ကြောင့်ရယ်
မသိ၊ ည ၁၀ နာရီ ၁၀ မိနစ်လောက်မှာ ခွေးတေလေ တစ်ကောင်ရဲ့ ဆွဲဆွဲငင်ငင်
အူလိုက်သံကိုတော့ ကြားမိလိုက်တယ်။
ကြုံရာကျဘမ်း
အလုပ်တွေကို မောင်တထမ်း၊ မယ်တရွက်နဲ့ ကြိုးစားခဲ့ကြတာ အခုဆိုရင် ကျွန်တော်တို့
အိမ်ထောင်သက်ဟာ သုံးနှစ်ကျော်တောင် ခရီးပေါက်ခဲ့ပြီ။ ကလေးယူဖို့ ကိစ္စကတော့ သူမက
မွေးရာပါ နှလုံးရောဂါရှိတယ်ဆိုပြီး မယူဖြစ်သေး။ ထိုးဆေးနဲ့ တားထားတယ်။ သူမဟာ
ဆေးတွေလည်း မကြာခဏ သောက်သောက်နေရတယ်။ နှလုံးဆေးတွေလို့တော့ ပြောတာပဲ။ မကြာ မကြာ ပေါင်ခြံတွေမှာ
ရေကြည်ဖုတွေ အကွက်လိုက် အကွက်လိုက် ဖြစ်တတ်တယ် ကျွန်တော်နဲ့ ညားစကတည်းက ခုချိန်ထိ
မယ်တော်ဆေးခန်းကို တလတစ်ခေါက်လောက် သွားသွားနေရတယ်။ သူမ ဆေးခန်းသွားပြီး ပြန်လာရင်
အိမ်အတွက် ရိက္ခာခြောက်လေးတွေလည်း ပါလာတတ်တယ်။ အရင်ကတော့ သူမအခြေအနေကို မေးနေကျ
အခုတော့လည်း ပုံမှန်သွားနေကျမို့ အထူးအထွေ မေးမနေတော့။
ကံကြမ္မာဆိုးဟာ
အသိုင်းအဝိုင်းနဲ့ လာတတ်တယ်တဲ့။ ဘဝကပဲ ကြမ်းတမ်း၍လားမသိ။ နေပူပူ မိုးရွာရွာထဲ
တောင်ယာလေး လုပ်လိုက်၊ ပန်းရံလေး လိုက်လိုက်နဲ့ အခုတလော ကျွန်တော် ခဏခဏ ဖျားနေတတ်သည်။
သူမဆေးခန်းသွားရင် ပါရာများ ယူလာပြီး ကျွန်တော့ကို တိုက်လေ့ရှိသည်။ ခဏတဖြုတ်လောက်
သက်သာသော်လည်း အရှင်းကြီး ကောင်းမသွား။ ချောင်းပင် တဟွတ်ဟွတ် ဆိုးလာသည်။
အားအင်များ ကုန်ခမ်းပြီး ခန္ဓာကိုယ်က ချည့်နဲ့နဲ့။ ကျွန်တော့်မှာ လက်မှတ်မရှိ၍
ရဲဖမ်းမည် စိုးသောကြောင့် သူမက ဆေးခန်းကို ခေါ်မသွားရဲသေး။ တစ်လအတွင်းမှာ
လေးခါလောက် ဖျားနေသည်။ သူမ စိုးတော့ စိုးရိမ်နေပုံရသည်။ မျက်နှာ မကောင်း။
တစုံတခုကို မတင်မကျ ဖြစ်နေပုံ။ ပြီးတော့ ဆုံးဖြတ်ချက်တခုကို ပင်ပန်းကြီးစွာ ချလိုက်ကြောင်း
သက်ပြင်းရှည်ကြီးက သိသာလှသည်။
"မနက်ဖြန်
မနက်ကျရင် ကို့ကို ကျွန်မ ဆေးခန်း ခေါ်သွားမယ်"
ကျွန်တော်တို့
ဆေးခန်းရောက်တော့ နံနက် ၈ နာရီ ထိုးခါနီး မောပန်းလွန်းသောကြောင့် ဆေးခန်းရှေ့ အုတ်ခုံပေါ်တွင်
ခဏထိုင် နားနေလိုက်သည်။ လက်မှတ်ဌာနတွင် လူတချို့ တန်းစီနေကြသည်ကို တွေ့ရသည်။
ထိုအချိန်တွင်ပင် ဆေးခန်းတံဆိပ်ပါ အင်္ကျီဝတ်ဆင်ထားသော အမျိုးသမီး နှစ်ယောက်က
သူမကိုတွေ့တော့ ငယ်ပေါင်း ကြီးဖော်တွေလို ခေါ်ပြော နှုတ်ဆက်နေကြသည်။ သူမက
ထိုအမျိုးသမီး နှစ်ယောက်ကို ကျွန်တော်နှင့် မလှမ်းမကမ်းသို့ ခေါ်သွားပြီး စကားပြော
နေကြသည်။
"……..
ပိန်သွားတယ်……. ဝေါဗွီရှင်း ……… ရိက္ခာ…….ARV "
ကျွန်တော် မကြားတချက်၊ ကြားတချက်။ မကြာပါ။
အိတ်တလုံး လွယ်ထားသော ဆေးရုံအင်္ကျီ အဖြူရောင်နှင့် လူတယောက် သူတို့ဆီ
လျှောက်လာနေသည်။ ထိုသူကိုတွေ့တော့ သူမအနည်းငယ် ဣနြေ္ဒ ပျက်သွားသည်ကို သတိထားလိုက်မိသည်။
ထိုသူက သူမကို ဖိဟောက် နေပုံရသည်။ ဘာတွေလဲ။
ကျွန်တော် ဝေခွဲမရ ဖြစ်နေချိန်မှာ
ဟိုအမျိုးသမီး နှစ်ယောက်က ကျွန်တော့ဆီ လျှောက်လာပြီး ပြုံး ပြုံးရွှင်ရွှင်နဲ့
လက်မှတ် လိုက်လုပ်ပေး၊ ဆေးမှူးအခန်းဆီ ခေါ်သွားပေးနဲ့ ကူညီပေးရှာသည်။
"မောင်လေး.. ဘာမှ အားမငယ်နဲ့တဲ့
"
အမျိုးသမီး နှစ်ယောက်နဲ့ ပါလာတဲ့ ကျွန်တော့်ကို
ဆေးမှူးက ခြေအဆုံး ခေါင်းအဆုံး ကြည့်နေတယ်။ မျက်လုံးတွေက တမျိုးပဲ။ ပြီးမှ ကျွန်တော့်ကို
ဘာဖြစ်လဲလို့ မေးတယ်။ ကျွန်တော်က ခံစားနေရတဲ့ ဝေဒနာတွေကို အချိန်ကာလနဲ့တကွ ပြောပြလိုက်တော့
နားကြပ်နဲ့ ရင်တွေကျောတွေကို စမ်းသည်။ ပါးစပ်ဟခိုင်းပြီး ကြည့်သည်။ ကီလို ချိန်ခိုင်းသည်။
ပြီးတော့ စာရွက် တစ်ရွက်ပေါ်မှာ စာရေးပြီး သွေးစစ်ဖို့ပြောသည်။ သွေးမစစ်ခင် အမျိုးသမီး
နှစ်ယောက်ကပင် အခန်းလေး တခုဆီ လိုက်ပို့ပေးသည်။ အခန်းထဲတော့ လိုက်မဝင်ပါ။
အခန်းထဲတွင် သပ်သပ်ရပ်ရပ်နှင့် လူရွယ်တစ်ယောက် ထိုင်နေသည်။ ကျွန်တော့်ကို
နှစ်လိုဖွယ် အပြုံးနဲ့ နေရာပေးရင်း သူ့ကိုယ်သူမိတ်ဆက်ပြီး သူ့ကိုယုံကြည်စွာနဲ့
ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ပြောသည်။ သူမေးတာတွေကတော့ ကျွန်တော့ အလုပ်အကိုင်၊
ပြီးတော့ အိမ်ထောင်ရှိလား၊ အပျော်အပါး လိုက်စားဖူးလား၊ သွေးသွင်းဖူးလား။ ကျွန်တော်လည်း
အမှန်အတိုင်းပဲ ဖြေကြားခဲ့သည်။ ဘုန်းကြီးလူထွက်၊ သွေးမသွင်းဖူးဘူး၊
အပျော်အပါးကင်းစင်၊ အိမ်ထောင်ရှိ။
သူက ဆက်ပြောသည်။
"ကိုယ့်ကိုယ်ကို ယုံကြည်မှု
ရှိတယ်ပေါ့" တဲ့
ရှိတာပေါ့ ကျွန်တော်က သူမတယောက်တည်း ကျွန်တော်
ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
"အခုစစ်မှာက HIV စစ်မှာ အဲဒါနဲ့
ပတ်သက်ပြီး ဘယ်လို သိထားဖူးသလဲ ဥပမာ HIV ပိုးဟာ ဘယ်လိုကူးသလဲ"
H….I…..V
ရင်တွေ တထိတ်ထိတ် ခုန်လာသည်။
"လိင်ဆက်ဆံတာတို့
သွေးသွင်းတာတို့က ကူးတယ်လို့ ကြားဖူးပါတယ်ဆရာ"
သူက ပြုံးရင်း " ခင်ဗျား
ကွန်ဒုံးသုံးလား"
"မသုံးဘူး” ဆရာ…"
"ဒါဆိုရင် ခင်ဗျား အိမ်ထောင်ဖက်အပေါ်
ဘယ်လိုသဘောရလဲ။ ယုံကြည်မှုရှိလား"
"ဗျာ….."
အခုမှ ကျွန်တော် သတိရလိုက်မိသည်။
အရင်က ကျွန်တော် ဒါတွေကို ဘာလို့ မေ့နေခဲ့တာလဲ။ ဝတ်ရည်….. နှုတ်ခမ်းနီ အမြဲဆိုးတဲ့
သူမ…….
သောက်ဆေးများ………
မွဲခြောက်ခြောက် အသားအရေ……..
ပေါင်ခြံတဝိုက်မှ အရည်ကြည်ဖု
အကွက်များ….
"ကဲပါလေ သွေးစစ်ပြီးလို့
အဖြေထွက်တော့ ရှင်းသွားမှာပါ။ အဲဒီအချိန်ကျရင် ပြန်ဆွေးနွေးကြတာပေါ့။ စိတ်ကို
အေးအေးထားပါ"
အခန်းအပြင် ရောက်တော့ သူမနှင့် ဟိုအမျိုးသမီးနှစ်ယောက်
စောင့်နေသည်။ သူမမျက်နှာမကောင်း ကျွန်တော်လည်း ဆွံ့အနေသည်။ ပြောစရာစကားမရှိ။
သွေးဖောက်သည့် ဌာနသို့ သွား၍ သွေးဖောက်ပြီး ဆရာမက မနက်ဖြန် ပြန်ချိန်းသည်။ ကျွန်တော်
အိမ်မပြန်ချင်တော့ အဖြေကို သိချင်လွန်း၍ပဲလား…ခရီးဝေးလို့လား…ကျွန်တော် မဝေခွဲတတ်…
သူမကတော့ အိမ်ကို စိတ်မချဟုဆိုကာ
ပိုက်ဆံတစ်ရာ လက်ထဲထည့်ပေးပြီး ပြန်သွားသည်။ အမျိုးသမီး နှစ်ယောက် စီစဉ်ပေးသော
အဆောင်ထဲတွင် တညလုံး လမ်းလျှောက်လိုက်၊ ထိုင်လိုက်၊ လှဲလိုက်နှင့် အိပ်မရခဲ့။
အတွေးများက အတိတ်ဆီ …
ရွာဦးကျောင်းက အုန်းမောင်းခေါက်သံနှင့်
ကိုရင်ဘဝပုံရိပ်များ၊ ကျေးဇူးရှင် ဆရာတော်ဘုရားရဲ့ သြဝါဒ၊ ပုတီးစိပ်နှင့် အမေအို…
မျက်ရည်များ ဝေ့သီလာသည်။
မနက်ဖြန်… မနက်ဖြန်ဆိုရင်…
(ဤဝတ္ထုတိုသည် ဖြစ်ရပ်မှန်ကို အခြေခံ၍
လူနာမည်များ ပြောင်းကာ ခံစားရေးဖွဲ့ ထားပါသည်)
စစ်မုန်းသွေး
(SAW)
Saturday, December 6, 2008
အဝေးရောက်သား -
10
နာရီ 10 မိနစ်





ဖတ်လို့ကောင်းတယ်။ ဖတ်ပြီးသွားတော့ ရင်ထဲမှာ တမျိုးပဲ ။ ဘုန်းကြီးကိုပဲ ဘဝင်မကျသလို ဘုန်းကြီးကို လူထွက်စေခဲ့တဲ့ ဝတ်ရည်ကိုပဲ ဘဝင်မကျသလိုနဲ့ စိတ်ရှုပ်သွားတယ်... ဒါမျိုးတွေ ဘယ်လောက်များနေပြီလဲ...